အမေရိကန်ပြည်ထောင်စု နယူးယော့ခ်မြို့ အပါအဝင် မြို့ကြီးတွေမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် စည်းကြပ်မှုအဖွဲ့(ICE)ကို ဆန့်ကျင်တဲ့ ဆန္ဒထုတ်ဖော်ပွဲတွေ ပိုတိုးလာနေတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။မနေ့က ဇွန်လ ၁၀ ရက်ကဆိုရင် ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ပေါ်နေတာ ၅ ရက်မြောက်နေ့ကို ရောက်ရှိခဲ့ပြီး နယူးယော့ခ်၊ ဆန်ဖရန်စစ္စကို၊ ချီကာဂိုလို မြို့ကြီးတွေမှာ ထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေး အစီအမံတွေကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှုတွေ ပိုပြင်းထန်လာပါတယ်။

ဇွန်လ ၁၀ ရက်မှာ နယူးယော့ခ်က ဆန္ဒထုတ်ဖော်သူတွေဟာ မက်ဟန်တန်မြို့လယ်မှာရှိတဲ့ ဖိုလေး(Foley) ရင်ပြင်မှာ စုဝေးပြီးတော့ ICE ကို ရှုတ်ချတဲ့ ဟောပြောတာတွေ ပြုလုပ်ခဲ့သလို ဖက်ဒရယ်အစိုးရရုံးတွေနဲ့ ICE ရုံးတွေနားမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒါ့အပြင် မက်ဟန်တန်အောက်ပိုင်းကိုလည်း လူထောင်ပေါင်းများစွာ ချီတက်လာတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်စေခဲ့တဲ့အတွက် လူဒါဇင်နဲ့ချီကာ ဖမ်းဆီးခဲ့ရတယ်လို့ နယူးယောက်ရဲဌာနက BBC သတင်းကို ပြောပါတယ်။

ချီကာဂိုနဲ့ ဖီလာဒဲလ်ဖီးယားတို့မှာတော့ ဆန္ဒထုတ်ဖော်သူတွေက ICE ကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ပြီး ပါလက် စတိုင်း ထောက်ခံသူ မာမွတ်ခါလီကို လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ဆန်ဖရန်စစ္စကိုမှာလည်း လူဝင်မှု ကြီးကြပ်ရေးရုံးအပြင်ဘက်မှာ စုဝေးခဲ့ကြပြီး စည်းလုံးညီညွတ်သူတွေဟာ ဘယ်တော့မှ သွေးကွဲမှာ မဟုတ်ဘူးလို့ ကြွေးကြော်ခဲ့ကြပါတယ်။ဂျော်ဂျီယာပြည်နယ် အတ္တလန္တာမှာလည်း အဓိကရုဏ်းနှိမ်နှင်းရေး ရဲတွေက ရာနဲ့ချီတဲ့ ဆန့်ကျင်သူတွေကို ဖြိုခွင်း ဖို့ မျက်ရည်ယိုဗုံးတွေ သုံးခဲ့သလို ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့မှာလည်း ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက် တွေ့ခဲ့ပါတယ်။