အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်နဲ့ သူ့မိသားစုဟာ အားလပ်ရက်အပန်းဖြေခရီးအတွက် ခရီးသွားနေစဉ်အတွင်း ထောင်နဲ့ချီတဲ့ ယူကရိန်းထောက်ခံသူတွေရဲ့ ဆန္ဒထုတ်ဖော်မှုကို ခံခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဗန့်စ်ဟာ မိသားစုနဲ့အတူ ဗားမောင့်မှာရှိတဲ့ ရှူးဂါးဘွတ်ရှ် အပန်းဖြေစခန်းမှာ စကိတ်စီးဖို့အတွက် ခရီးသွားနေစဉ်အတွင်း လူထောင်နဲ့ချီရဲ့ ဆန္ဒထုတ်ဖော်မှုကို ခံခဲ့ရတာပါ။ပြီးခဲ့တဲ့သောကြာနေ့က ယူကရိန်းသမ္မတ ဇယ်လင်းစကီးနဲ့ အိမ်ဖြူတော် တွေ့ဆုံမှုအတွင်း စကားအချေအတင်ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ ဗန့်စ်ကို ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်။ဒါ့အပြင် လက်ရှိ ထရမ့်အစိုးရရဲ့ ဖက်ဒရယ်ဝန်ထမ်းတွေကို အလုပ်ကထုတ်ပယ်တာ၊ LGBTQ နဲ့ ပတ်သက်တာ၊ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်လို မူဝါဒတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒထုတ်ဖော်သူအချို့က ဂျေဒီဗန့်စ်ဟာ ယူကရိန်းသမ္မတအပေါ် ရိုင်းစိုင်းခဲ့တယ်လို့ ပြောခဲ့ပြီး အချို့က ရုရှားမှာ စကိတ်သွားစီးဆိုတဲ့ ဆိုင်းဘုတ်တွေ၊ ယူကရိန်းနဲ့အတူ ရပ်တည်ကြောင်း ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ဒီလိုဆန္ဒထုတ်ဖော်မှုတွေကြောင့် ဂျေဒီဗန့်စ်မိသားစုဟာ အပန်းဖြေစခန်းကို မသွားတော့ဘဲ အမည်မဖော်ပြထားတဲ့ အခြားနေရာတစ်ခုကို ရွှေ့ပြောင်းသွားခဲ့တယ်လို့ Fox News မှာ ဖော်ပြပါတယ်။