လော့စ်အိန်ဂျလိနဲ့ စည်းလုံးညီညွတ်ကြောင်း ပြသတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စု နေရာအနှံ့အပြားမှာ လူ အများအပြား လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်တာတွေ ပြုလုပ်နေပါတယ်။ တက္ကဆပ်ပြည်နယ် အော်စတင် နဲ့ ဒါးလက်မြို့တွေမှာ မနေ့က ဇွန်လ ၉ ရက်က လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် စည်းကြပ်မှုအဖွဲ့(ICE)ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

အော်စတင်မှာ ဆန္ဒထုတ်ဖော်သူ ၁၀၀ ကျော်လောက်က ဆိုင်းဘုတ်တွေ၊ အလံတွေ ကိုင်ဆောင်ပြီးတော့ ICE ရုံးအနီးကို ချီတက်ကာ ICE အလိုမရှိလို့ ကြွေးကြော်ခဲ့ပါတယ်။ အော်စတင် ရဲတပ်ဖွဲ့က ဒါကို တရားမ၀င် စုဝေးမှု အဖြစ် ကြေညာခဲ့ပြီး သူတို့ကို လူစုမခွဲရင် ဖမ်းဆီးမယ်လို့ သတိပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲခဲ့တယ်လို့ သိရပါတယ်။ဒါးလက်မှာလည်း လူ ၄၀၀ လောက်ရှိတဲ့ လူစုကြီးက မာဂရက်ဟန့်ဟေးလ်တံတားမှာ ငြိမ်းချမ်းစွာ စုဝေးခဲ့တယ် လို့ Dallas Morning News က ဖော်ပြပါတယ်။ ဒါ့အပြင် ဖလော်ရီဒါ၊ ဘော်စတွန်၊ မက်ဆာချူးဆက်နဲ့ ဟူစတန်လို ဒေသတွေမှာလည်း ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ပေါ်နေပါတယ်။

သမ္မတထရမ့်က အမျိုးသားအစောင့်တပ် ထောင်ချီနဲ့ မရိန်းတပ်သား ၇၀၀ လောက်ကို လော့စ်အိန်ဂျလိစ်ကို ပို့ဆောင်ခဲ့ပြီး ဆန္ဒပြမှုတွေကို နှိမ်နင်းနေတာပါ။ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆန် ကတော့ မရိန်းတပ်တွေ စေလွှတ်တဲ့အတွက် ထရမ့်အစိုးရကို တရားထပ်စွဲမယ်လို့ ပြောထားပါတယ်။