လော့စ်အိန်ဂျလိစ်မြို့မှာ စတင်ခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေးကို ဆန့်ကျင်တဲ့ ဆန္ဒထုတ်ဖော်မှုတွေဟာ အမေရိကန် တစ်နိုင်ငံလုံးနီးပါး ပျံ့နှံ့လာတဲ့ သတင်းကို အေပီသတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီဆန္ဒထုတ်ဖော်မှုတွေကို အစီအစဉ်ကျနစွာ လုပ်ဆောင်လာတာ တွေ့ရပါတယ်။ သမ္မတထရမ့်က ဆန္ဒထုတ်ဖော်မှုတွေကို ထိန်းသိမ်းဖို့ အမျိုးသားအစောင့်တပ်နဲ့ မရိန်းတပ်တွေကို စေလွှတ်နေတာလည်း ဖြစ်ပါတယ်။

ဆီယက်တယ်နဲ့အော်စတင်ကနေ ချီကာဂိုနဲ့ ဝါရှင်တန်ဒီစီအထိ ဆန္ဒထုတ်ဖော်သူတွေက ကြွေးကြော်သံတွေ ရွတ်ဆိုပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်စည်းကြပ်မှုအဖွဲ့(ICE)ကို ဆန့်ကျင်တဲ့စာတန်းတွေ ကိုင်ကာ ဖက်ဒရယ်ရုံးတွေ အပြင်ဘက်နဲ့ မြို့ထဲက အထင်ကရနေရာတွေအထိ လှည့်လည်နေတဲ့အတွက် လမ်းကြောတွေ ပိတ်ဆို့ကုန်ပါတယ်။ အများစုက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြပေမယ့် တချို့ကတော့ သက်ဆိုင်ရာအရာရှိတွေနဲ့ ကတောက်ကဆဖြစ်ကာ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။

ဒါ့အပြင် လာမယ့်ရက်တွေအတွင်းမှာကျင်းပမဲ့ ထရမ့်ရဲ့စစ်ရေးပြအခမ်းအနားကို ဆန့်ကျင်တဲ့အနေနဲ့ ဘုရင်စနစ် မရှိစေရဆိုတဲ့ လှုပ်ရှားမှုကို တစ်နိုင်ငံလုံးအနှံ့ လုပ်ဆောင်ဖို့ တက်ကြွလှုပ်ရှားသူတွေက စီစဉ်နေတယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း ထရမ့်က လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝင်ရောက်စီးနင်းမှုတွေနဲ့ ပြည်နှင်ဒဏ် ပေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကြွေးကြော်ထားပါတယ်။