အမေရိကန်နိုင်ငံတစ်ဝန်းမှာ တနင်္လာနေ့က ကျရောက်တဲ့ နိုင်ငံတော်သမ္မတနေ့မှာ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အီလွန်မတ်စ်ကို လူထောင်ပေါင်းများစွာက ကန့်ကွက်ဆန္ဒဖော်ထုတ်ကြပါတယ်။ အဲဒီ ဆန္ဒဖော်ထုတ်မှုတွေကို (၅၀၅၀၅၁)လှုပ်ရှားမှုက ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ထရမ့်အစိုးရရဲ့ အစိုးရအသုံးစရိတ် ဖြတ်တောက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ စတင်ပေါ်ပေါက်လာတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။

ဆန္ဒဖော်ထုတ်သူတွေက ထရမ့်ဟာ ရှင်ဘုရင်လို ကျင့်ကြံပြုမှုနေပြီး ဖယ်ဒရယ် အစိုးရဝန်ထမ်းတွေ၊ အစိုးရရှေ့နေတွေနဲ့ လွတ်လပ်တဲ့ အရပ်ဘက် စောင့်ကြည့်ရေး အဖွဲ့တွေကို အလုပ်ထုတ်ပယ်တဲ့ လုပ်ရပ်တွေကို ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။ ဒါ့အပြင် အမေရိကန်အစိုးရ စွမ်းဆောင်ရည်စိစစ်မြှင့်တင်ရေးဌာန(DOGE)ကို ကိုင်တွယ်တဲ့ အီလွန်မတ်စ်ကိုလည်း ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ ကြပါတယ်။ ဆန္ဒဖော်ထုတ်သူတွေဟာ အေးခဲတဲ့ရာသီဥတု အခြေအနေအောက်မှာ လမ်းတွေပေါ်ထွက်ပြီး ဆန္ဒ ဖော်ထုတ်ခဲ့တာကို တွေ့ရပါတယ်။

နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းမြို့ကြီးတွေမှာဆိုရင် ဆန္ဒဖော်ထုတ်သူတွေက သမ္မတနေ့မှာ ရှင်ဘုရင် အလိုမရှိ ဆိုတဲ့ ကြွေးကြော်သံတွေ ၊ ပိုစတာတွေ ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြ တာကို တွေ့ရပါတယ်။ အရီဇိုးနားပြည်နယ်မှာလည်း ဖယ်ဒရယ် လူဝင်မှုကြီးကြပ်ရေး ဆောင်ရွက်ချက်တွေကို အားဖြည့်ကူညီမဲ့ ဥပဒေကြမ်းကို ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒဖော်ထုတ်သူတွေဟာ ပြည်နယ်လွှတ်တော်ထဲကို ဝင်စီးဖို့ ကြိုးစားခဲ့ကြပါတယ်။