တရားမဝင် အခြေချနေထိုင်သူတွေကို ဖမ်းဆီးမိန့်ထုတ်လိုက်တာကြောင့် အမေရိကန်နိုင်ငံတစ်ဝန်းမှာ ဆန္ဒထုတ် ဖော်မှုတွေ ပိုမိုပြင်းထန်လာပြီး ဒီတစ်ပတ်ပိတ်ရက်မှာ သမ္မတဒေါ်နယ်လ်ထရမ့်ကို အကြီးအကျယ် ကန့်ကွက်ဖို့ အသင့်ဖြစ်နေကြကြောင်း အေပီသတင်းမှာ ဖော်ပြထားပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့အကောက်ခွန်ဦးစီးဌာနကို ကန့်ကွက်ကြရာမှာ တချို့က ငြိမ်းချမ်းစွာ ကန့်ကွက်ကြပေမယ့် တချို့က ရဲတပ်ဖွဲ့နဲ့ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့တာကြောင့် ဓာတုပစ္စည်းတွေသုံးပြီး လူစုခွဲ ဖြိုခွင်းခံခဲ့ရသလို ရာနဲ့ချီပြီးတော့လည်း အဖမ်းခံခဲ့ရပါတယ်။ဆူပူကန့်ကွက်မှုတွေကို ထိန်းသိမ်းဖို့အတွက် ထရမ့်က ပြည်စောင့်တပ် ၄၀၀၀ နဲ့ မရိမ်းတပ်သားပေါင်း ၇၀၀ လောက်ကို လော့စ်အိန်ဂျလိစ်မှာ တပ်ဖြန့်ထားခဲ့တာပါ။ ဒါပေမဲ့ ဗဟိုတရားရုံးက ထရမ့်ရဲ့လုပ်ရပ်က တရားမဝင် ကြောင်းနဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်တာကြောင့် ကယ်လီဖိုးနီးယားက ပြည်စောင့်တပ်တွေကို ပြန်ရုပ်သိမ်းဖို့ အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။

ဆန္ဒထုတ်ဖော်မှုတွေ ပိုမိုပြင်းထန်လာတာကြောင့် ညမထွက်ရအမိန့်ပါ ထုတ်ထားရပြီး တက်ကြွလှုပ်ရှားသူတွေက လာမယ့် စနေနေ့ ဝါရှင်တန်ဒီစီမှာ ပြုလုပ်မယ့် ထရမ့်ရဲ့စစ်ရေးပြအခမ်းအနားနဲ့ အချိန်ကိုက် တစ်နိုင်ငံလုံးအနှံ့ ဘုရင်အုပ်ချုပ်မှုစနစ် အလိုမရှိဆိုတဲ့ ကန့်ကွက်ပွဲတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ထရမ့်အစိုးရအဖွဲ့ကတော့ တရားမဝင် အခြေချနေထိုင်သူတွေကို ဆက်လက်ဖမ်းဆီးပြီး ပြည်နှင်ဒဏ်တွေ ဆက်ပေးသွားမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။