ဟားမာ့စ်အဖွဲ့အနေနဲ့ ကျန်ရှိနေတဲ့ အစ္စရေးဓားစာခံတွေကို ချက်ခြင်းလွှတ်မပေးဘူးဆိုရင် ငရဲလို ဆိုးရွားတဲ့အခြေအနေနဲ့ ရင်ဆိုင်ရမယ်လို့ သမ္မတဒေါ်နယ်ထရမ့်က ဖိအားပေးပြောကြားထားတယ်လို့ Reuters သတင်းမှာဖော်ပြထားပါတယ်။သမ္မတထရမ့်ရဲ့တောင်းဆိုချက်ဟာ အမေရိကန်အစိုးရအနေနဲ့ ဟားမာ့စ်အဖွဲ့နဲ့တိုက်ရိုက်ဆွေးနွေး စကားပြောခဲ့ပြီးနောက်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဟားမာ့စ်အဖွဲ့ကို အမေရိကန်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားပြီး အရင်က တိုက်ရိုက်ဆက်သွယ်စကားပြောတာမျိုး မရှိခဲ့ပါဘူး။ဂါဇာကမ်းမြောင်ဒေသမှာ ထိန်းသိမ်းထားဆဲ ဓားစာခံတွေအားလုံး လွှတ်ပေးဖို့ ထရမ့်က ဖိအားပေးပြောကြားထားတယ်လို့ အိမ်ဖြူတော်သံတမန်တစ်ဦးကလည်းပြောပါတယ်။ဓားစာခံတွေ ပြန်မလွှတ်ရင် ဟားမာ့စ်အဖွဲ့ဝင်တစ်ယောက်မှမကျန်အောင် အစ္စရေးကကိစ္စရှင်းဆောင်ရွက်သွားမယ်လို့ သမ္မတထရမ့်က လူမှုကွန်ရက်မှာ ရေးသားခဲ့ တာပါ။

သမ္မတထရမ့်ရဲ့ ခြိမ်းခြောက်ပြောဆိုမှုဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးဘက်က ဆက်မလုပ်အောင် အားပေးသလိုဖြစ်နေတယ်လို့ ဟားမာ့စ်အဖွဲ့က ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ တုံ့ပြန်ပြောဆိုပါတယ်။ဒီခြိမ်းခြောက်မှုတွေက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ရှုပ်ထွေးစေတယ်လို့ ဟားမာ့စ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောပါတယ်။