ကနေဒါနဲ့ မက္ကဆီကိုအပေါ် ခြိမ်းခြောက်တဲ့ အခွန်စည်းကြပ်မှုတွေဟာ မတ်လ ၄ ရက် အစောပိုင်းမှာ စီစဉ်ထားတဲ့ အတိုင်း ရှေ့ဆက်သွားမယ်လို့ သမ္မတထရမ့်က ခြိမ်းခြောက်ခဲ့ကြောင်း NBC သတင်းမှာ ရေးသားထားပါတယ်။

အမေရိကန်သမ္မတရဲ့ အခွန်ကြီးကြပ်မှုသတင်းတွေကြောင့် Wall Street စတော့ရှယ်ယာတွေ ကျဆင်းသွား သလို S&P 500 အညွှန်းကိန်းကလည်း ၂ ဒသမ ၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး အခုနှစ်အတွင်း အဆိုးရွားဆုံး ရှယ်ယာကျဆင်းတာဖြစ်တယ်လို့ လေ့လာသူတွေက ခန့်မှန်းသုံးသပ်နေကြပါတယ်။ကနေဒါက မူးယစ်ဆေးဝါးထိန်းချုပ်ရေးဝန်ကြီးတစ်ယောက် ခန့်ထားမယ်လို့ ပြောခဲ့ပေမဲ့ အလွန်မြင့်မားပြီး လက် မခံနိုင်တဲ့ အဆင့်အထိ မူးယစ်ဆေးတွေက မက္ကဆီကိုနဲ့ ကနေဒါကနေ ဝင်နေဆဲဖြစ်ပြီး ဒီမူးယစ်ဆေးအများစုက Fentanyl ပုံစံနဲ့ တရုတ်မှာထုတ်လုပ်ကာ ဖြန့်ခဲ့တာဖြစ်တယ်လို့ ထရမ့်က အရင်အပတ်က Truth Social လူမှုစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

မက္ကဆီကိုသမ္မတကလည်း မက္ကဆီကိုနဲ့ အမေရိကန် သဘောတူညီချက် တစ်ရပ်ရဖို့ မျှော်လင့်တယ်လို့ အရင်အပတ်က ပြောဆိုထားပါတယ်။သမ္မတထရမ့်ကတော့ ကနေဒါနဲ့ မက္ကဆီကိုအပေါ် အခွန်စည်းကြပ်မှုတွေ ဆက်လုပ်သွားမှာဖြစ်သလို အင်္ဂါနေ့မှာ တရုတ်ပစ္စည်းတွေအပေါ် ဖေဖော်ဝါရီလတုန်းက ချမှတ်ထားခဲ့တဲ့ ၁၀ ရာခိုင်နှုန်းအပေါ် နောက်ထပ် အခွန် ၁၀ ရာခိုင်နှုန်း ထပ်တိုးဖို့ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။