အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ဟာ ဟားဗတ်တက္ကသိုလ်မှာ နိုင်ငံတကာကျောင်းသားတွေ လက်ခံခွင့်ကို ပိတ်ပင်လိုက်တယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြပါတယ်။

အမေရိကန်အမိမြေ လုံခြုံရေးဌာနရဲ့ အကြီးအကဲက ဟားဗတ်တက္ကသိုလ်ကျောင်းဝင်းထဲမှာ အကြမ်းဖက်မှု၊ ဂျူးဆန့်ကျင်ရေးဝါဒနဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်ဆံမှုတွေ ပြုလုပ်နေတယ်လို့ မနေ့က မေလ၂၂ ရက်က လူမှုကွန်ရက်ပလက်ဖောင်း X မှာ ရေးသားထားပြီး ဒီ့အတွက် နိုင်ငံတကာကျောင်းသားတွေ တက်ရောက်ခွင့်ကို ပိတ်ပင်ထားတယ်လို့ ပြောပါတယ်။ဒါ့အပြင် ဟားဗတ်တက္ကသိုလ်ဟာ ဥပဒေကို လိုက်နာဖို့ပျက်ကွက်တဲ့အတွက် တက္ကသိုလ်အချင်းချင်း ကျောင်းသားဖလှယ်ရေးအစီအစဉ်နဲ့ ပတ်သက်တဲ့ အသိအမှတ်ပြုလက်မှတ်ကိုလည်း ရုတ်သိမ်းလိုက်ပါတယ်။ဒါက နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ တက္ကသိုလ်တွေနဲ့ ပညာရေးအဖွဲ့အစည်းအားလုံးကို သတိပေးချက်တစ်ခုအနေနဲ့ လုပ်တာလို့ အမိမြေလုံခြုံရေးဌာန အကြီးအကဲက ပြောပါတယ်။ဟားဗတ်တက္ကသိုလ်ဘက်ကတော့ ချက်ချင်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အစိုးရဟာ ဟားဗတ်တက္ကသိုလ်ကို လက်တုံ့ပြန်တဲ့အနေနဲ့ ဒီလိုလုပ်တာဖြစ်ပြီး ဒီလုပ်ရပ်ဟာ တရားမဝင်ဘူးလို့ ပြောပါတယ်။

ဟားဗတ်တက္ကသိုလ်ကို နိုင်ငံပေါင်း ၁၄၀ ကျော်က ကျောင်းသားတွေ လာတက်ရောက်နေပြီး ဟားဗတ်အနေနဲ့ နိုင်ငံတကာကျောင်းသားနဲ့ ပညာတော်သင်တွေကို ဆက်လက်ခံသွားမယ်လို့ အပြည့်အဝကတိပြုကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ထရမ့်အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံတကာကျောင်းသား ထောင်ပေါင်းများစွာကို ထိခိုက်စေပြီး ပြီးခဲ့တဲ့ ပညာသင်နှစ်က ဟားဗတ်မှာ နိုင်ငံတကာကျောင်းသား ၆၇၀၀ ကျော် စာရင်းသွင်းခဲ့တယ်လို့ သိရပါတယ်။ဒါဟာ တက္ကသိုလ်မှာရှိတဲ့ စုစုပေါင်းကျောင်းသားဦးရေရဲ့ ၂၇ ရာခိုင်နှုန်း ရှိပါတယ်။ထရမ့်အစိုးရရဲ့ တောင်းဆိုချက်တွေကို မလိုက်လျောခဲ့တဲ့အတွက် ဟားဗတ်တက္ကသိုလ်ကို တောက်လျှောက်ဖိအားပေးနေတာဖြစ်ပြီး တက္ကသိုလ်အတွက် ထောက်ပံ့ကြေးနဲ့ အခွန်ကင်းလွတ်ခွင့်တွေကိုလည်း ရုတ်သိမ်းဖို့ ဆောင်ရွက်နေပါတယ်။