အရှေ့အလယ်ပိုင်းမှာ လုံခြုံရေးတင်းမာလာတဲ့ အခြေအနေတွေကြောင့် အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက်က အမေရိကန်သံရုံးမှာ မရှိမဖြစ်လိုအပ်တဲ့ ဝန်ထမ်းအချို့ကလွဲလို့ ကျန်တဲ့ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ဘေးလွတ်ရွာ ရွှေ့ပြောင်းဖို့ အမေရိကန်အစိုးရက ညွှန်ကြားလိုက်ပါတယ်။

ဘဂ္ဂဒက်ကနေ အခုလို ထွက်ခွာခိုင်းတဲ့ အကြောင်းရင်းကို အမေရိကန်အာဏာပိုင်တွေက အတိအကျ မပြောခဲ့ပေ မယ့် ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်တဲ့ အီရန်နဲ့ နျူကလီးယားဆွေးနွေးရာမှာ သဘောတူညီချက်မရဘဲ ရပ်ဆိုင်းသွား တဲ့ အခြေအနေရှိနေတယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြပါတယ်။အီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ အမေရိကန်နဲ့ အီရန်တို့ ရက်သတ္တပတ်ပေါင်းများစွာ ဆွေးနွေးခဲ့ ပေမယ့် မနေ့က ဇွန်လ ၁၁ ရက်မှာတော့ သမ္မတထရမ့်က အီရန်ရဲ့ ယူရေနီယံသန့်စင်မှုကို ရပ်တန့်နိုင်ဖို့အပေါ် ယုံကြည်မှုနည်းလာပြီလို့ ပြောခဲ့ပါတယ်။အီရတ်အပြင် ဘာရိန်း၊ ကူဝိတ်၊ အာရပ်စော်ဘွားများပြည်ထောင်စုနဲ့ အရှေ့အလယ်ပိုင်း ဒေသတစ်ဝန်းက အမေရိကန်ဝန်ထမ်းတွေရဲ့ မိသားစုတွေ ဆန္ဒအလျောက်ထွက်ခွာခွင့်ကိုလည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ(တ်)ဟက်ဆက်က ခွင့်ပြုပေးထားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

ဒီလိုအရှေ့အလယ်ပိုင်းဒေက ဝန်ထမ်းတွေကို ထွက်ခွာခိုင်းတဲ့အပေါ် သမ္မတထရမ့်က အန္တရာယ်ရှိတဲ့ နေရာတစ်ခု ဖြစ်နိုင်တာကြောင့် သူတို့ကို ရွှေ့လိုက်တာပါ၊ ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်တွေ့ရမှာပေါ့လို့ မနေ့က ညနေပိုင်းက ပြောပါတယ်။ ဒါ့အပြင် အီရန်အနေနဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး၊ ဒါက ရှင်းပါတယ်၊ ကျွန်တော်တို့ ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း ထရမ့်က ပြောခဲ့ပါတယ်။ အီရတ်မှာ အခြေစိုက်ထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်ကတော့ ၂၅၀၀ ခန့်ရှိတယ်လို့ အမေရိကန်ကာကွယ်ရေးဌာနက သိရပါတယ်။