ယူကရိန်း သမ္မတဇာလန်စကီးအနေနဲ့ ဆွေးနွေးပွဲစကားဝိုင်းကို ပြန်လာပြီး ယူကရိန်းရဲ့ သတ္တုရင်းမြစ် လုပ်ကွက်တွေကို ယူအက်စ်ကိုပေးဖို့ လိုအပ်တယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး မိုက် ဝေါ့(ဇ်)က ပြောပါတယ်။

ဇာလန်စကီးက အမေရိကန်ရဲ့ မြေရှားသတ္တု တူးဖော်ခွင့် တောင်းဆိုမှုကို ဗုဒ္ဓဟူးနေ့က ပယ်ချခဲ့ပါတယ်။ မြေရှားသတ္တုတူးဖော်မှု သဘောတူညီချက်ဟာ ရုရှားနဲ့ဖြစ်တဲ့ စစ်အတွင်း ယူကရိန်းကို အမေရိကန်ကပေးအပ်တဲ့ အကူအညီပမာဏ ဘယ်မျှရှိသလဲဆိုတာကို ထင်ဟပ်လိမ့်မယ်လို့ အမေရိကန် သမ္မတထရမ့်က ပြောထားပါတယ်။

ဇာလန်စကီးရဲ့ သမ္မတဒေါ်နယ်ထရမ့်အပေါ် အခုအပတ် အစောပိုင်းက လက်မခံနိုင်စရာ ဝေဖန်ပြောဆိုမှုကြောင့် အိမ်ဖြူတော်အနေနဲ့ စိတ်မကျေမချမ်း ဖြစ်ရ တယ်လို့လည်း အမျိုးသားလုံခြုံရေး အကြံပေး ဝေါ့(ဇ်)က ပြောပါတယ်။ ယူကရိန်းနိုင်ငံမှာ လစ်သီယမ်နဲ့ တိုက်တေနီယမ် အပါအဝင် ကျောက်မီးသွေး၊ သဘာ၀ဓာတ်ငွေ့၊ ရေနံနဲ့ ယူရေနီယံ သတ္တုသိုက်တွေ အများအပြား တည်ရှိနေပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ဘီလီယံများစွာ တန်ကြေးရှိပါတယ်။.