အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအတွင်း သတင်းရယူနေတဲ့ သတင်း ထောက် ၂၀ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ လော့စ်အိန်ဂျလိစ် စာနယ်ဇင်းအသင်းရဲ့ အချက်အလက်တွေ ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကစလို့ စတင်ခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေး စီးနင်းမှုတွေကို ဆန့်ကျင်ပွဲတွေအတွင်းမှာ သတင်းသမားတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက အနှောင့်အယှက်ပေးခဲ့တဲ့ ဖြစ်စဉ်ပေါင်း ၃၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကိုယ်ထိလက်ရောက် အကြမ်းဖက်တာတွေအပြင် သတင်းထောက်တွေရဲ့ အိတ်တွေကို သဘောမတူ ဘဲ အတင်းအကျပ် ရှာဖွေတာနဲ့ သတင်းထောက်တွေရဲ့ သတင်းဖော်ပြမှုကို ထိခိုက်စေမယ့် ကြိုးပမ်းတာတွေ ရှိခဲ့တယ်လို့ LA စာနယ်ဇင်းအသင်းက ပြောပါတယ်။

ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ သတင်းထောက် ၂၀ လောက်ထဲမှာ ၅ ယောက်လောက်က ဆေးဝါးကုသမှုခံယူဖို့ လိုအပ်တဲ့ အခြေအနေရှိခဲ့တယ်လို့ သိရပါတယ်။ 9News Australia က အမေရိကန်သတင်းထောက်တစ်ယောက်ကတော့ တိုက်ရိုက်သတင်းထုတ်လွှင့်နေတုန်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ ရော်ဘာကျည်နဲ့ ပစ်ခတ်တာကို ခံခဲ့ရပြီး New York Post အတွက် အလုပ်လုပ်ပေးနေတဲ့ အလွတ်တန်းဓာတ်ပုံဆရာတစ်ယောက်လည်း နဖူးကို ရော်ဘာကျည်မှန်ခဲ့တယ်လို့ ပြောပါတယ်။ 9News သတင်းဌာနက ဒီဖြစ်စဉ်အပေါ် တရားဝင်စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။