ထရမ့်အစိုးရက တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေ ကိုယ့်သဘောနဲ့ကိုယ် အမေရိကန်ကနေ ထွက်ခွာ ရင် ဒေါ်လာ ၁၀၀၀ ထောက်ပံ့ကြေးငွေနဲ့ လေယာဉ်လက်မှတ်ခ အလကားပေးသွားမယ်လို့ အမိမြေ လုံခြုံရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ကို ကိုးကားပြီး RT သတင်းမှာ ဖော်ပြထားပါတယ်။

ထွက်ခွာလိုသူတွေအနေနဲ့ CBP Home အက်ပ်ကနေ အကြောင်းကြားရမှာဖြစ်ပြီး ဒီအစီအစဉ်မှာ ပါဝင်သူတွေကို ဖမ်းဆီးထိန်းသိမ်းမယ့်စာရင်းကနေ အဆင့်လျှော့ချပေးသွားမှာဖြစ်သလို မိမိသဘောနဲ့ ထွက်ခွာသွားကြောင်း အတည်ပြုလိုက်တာနဲ့ ထောက်ပံ့ကြေးငွေ ရရှိမှာ ဖြစ်ပါတယ်။သမ္မတထရမ့်ကတော့ ဒီအစီအစဉ်မှာပါဝင်မယ့်သူတွေအနေနဲ့ နောက်ပိုင်းမှာ အမေရိကန်ကို တရားဝင် ပြန်လာနိုင်မယ့် အခွင့်အရေးရှိတယ်ဆိုပြီး ဒီအစီအစဉ်ရဲ့ကောင်းကျိုးတွေကို အလေးပေးပြောကြားထား သလို မပါဝင်ဘူးဆိုရင်တော့ နိုင်ငံထဲက ခေါ်ထုတ်ခံရမှာဖြစ်ပြီး ပြန်ဝင်ဖို့လမ်း ဘယ်တော့မှ ရလာမှာ မဟုတ်ဘူးလို့လည်း သတိပေးထားပါတယ်။

အမိမြေလုံခြုံရေးဝန်ကြီးကလည်း ဒါဟာ အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ အဖမ်းမခံရ အောင် ရှောင်ရှားဖို့ အကောင်းဆုံး၊ ဘေးအကင်းဆုံးနဲ့ စရိတ်အသက်သာဆုံး နည်းလမ်းဖြစ်တာမို့ CBP Home အက်ပ်ကို ဒေါင်းလော့လုပ်ပြီး ကိုယ်တိုင်ထွက်ခွာကြဖို့ တိုက်တွန်းထားပါတယ်။ ထရန့်အစိုးရဟာ သူ့ရဲ့ပထမဆုံးနှစ်အတွင်း လူဦးရေတစ်သန်းကို နိုင်ငံထဲက နှင်ထုတ်နိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။