ရွှေ့ပြောင်း အခြေချသူတွေအတွက် ဥပဒေကြောင်းအရ အကာအကွယ် ပေးထားမှုတွေကို သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ အစိုးရက ပယ်ဖျက်ပိုင်ခွင့် ရှိတယ်လို့ အမေရိကန် တရားရုံးချုပ်က အဆုံးအဖြတ် ပေးလိုက်တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

သမ္မတဟောင်းဂျိုးဘိုင်ဒန် လက်ထက်တုန်းက ကျူးဘား၊ ဟေတီ၊ နီကာရာဂွာနဲ့ ဗင်နီဇွဲလားနိုင်ငံတွေက ရွှေ့ပြောင်း အခြေချသူ ၅၀၀၀၀၀ လောက်ကို ဥပဒေကြောင်းအရ အကာအကွယ် ပေးထားပေမယ့်လည်း မေလ ၃၀ ရက် စီရင်ချက်မှာတော့ လက်ရှိ အစိုးရကသာ ဆန္ဒရှိရင် အဲဒီ သတ်မှတ်ချက်ကို ရုပ်သိမ်းပိုင်ခွင့် ရှိကြောင်း လမ်းဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ရွှေ့ပြောင်း အခြေချသူတွေကို နယ်နှင်ဖို့ ပြင်ဆင်နေတဲ့ အစိုးရရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ တုံ့ပြန်စိန်ခေါ်ဖို့ အားထုတ်မှုတွေလည်း ရှိနေဆဲပါ။တရားရုံးချုပ်ရဲ့ စီရင်ချက် ထွက်ပေါ်လာပြီး မကြာခင်မှာပဲ အမေရိကန် ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနက အခုအခါ ပြည်ပကနေ ကျူးကျော်ခိုဝင်လာသူတွေကို ထိထိရောက်ရောက် ဖယ်ရှား နှင်ထုတ်နိုင်တော့မယ်လို့ ကြေညာခဲ့ပါတယ်။

တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို အမေရိကန်ကနေ နှင်ထုတ်မယ် ဆိုတာဟာ သမ္မတထရမ့်ရဲ့ ရွေးကောက်ပွဲကြိုကာလက မဟာဗျူဟာ မဲဆွယ်ကတိတစ်ခု ဖြစ်ခဲ့ပါတယ်။ ထရမ့်ဟာ သမ္မတ ဖြစ်လာပြီးတဲ့ နောက် တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို နယ်နှင်တဲ့ကိစ္စ ဖိဖိစီးစီး အစပြုဖို့ ပြည်တွင်း လုံခြုံရေး ဝန်ကြီးဌာနကို ညွှန်ကြားခဲ့ပေမယ့် ဖက်ဒရယ် တရားသူကြီးတစ်ဦးက ကြားဝင် ဟန့်တားထားခဲ့ပါသေးတယ်။ အခုတော့ တရားရုံးချုပ်ဟာ အစိုးရဘက်က ရပ်တည်ပေးလိုက်တာ ဖြစ်ပါတယ်။