ရုရှားနဲ့ ယူကရိန်းကြား အပစ်ရပ်ရေး သဘောတူညီမှုတစ်ခု ရရှိနိုင်ဖို့ နီးစပ်လာနေပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလာတာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။ ရုရှားကို စေလွှတ်ခဲ့တဲ့ သူ့ရဲ့ အထူးကိုယ်စားလှယ် စတိဗ် ဝစ်တ်ကော့ဖ်က မော်စကိုမြို့တော်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နာရီပိုင်းအကြာမှာ ထရမ့်က အခုလို မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

စစ်ပွဲရပ်ဆိုင်းရေးကို လက်ခံပေးဖို့ ရုရှားရော၊ ယူကရိန်းပါ အမေရိကန်ရဲ့ အပြင်းအထန် ဖိအားပေးမှုကို ခံနေရ ပါတယ်။ ယူကရိန်းသမ္မတ ဇယ်လန်စကီးကတော့ ရုရှားက ခြွင်းချက်မရှိ အပစ်ရပ်ဖို့ဆိုရင် တကယ့် စစ်မှန် ထိရောက်တဲ့ ဖိအားပေးမှုမျိုး လိုအပ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။စစ်ပွဲရပ်ဆိုင်းရေးအတွက် အမေရိကန်က ကြားဝင် ညှိနှိုင်းပေးမှုမှာ ခရိုင်းမီးယားကျွန်းဆွယ် အပါအဝင် ယူကရိန်း နယ်မြေတချို့ကို ရုရှားပိုင်နက်အဖြစ် အသိအမှတ် ပြုပေးဖို့ဆိုတာတွေ ပါဝင်နေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပြီး ဇယ်လန်စကီးကတော့ ယူကရိန်း အချုပ်အခြာအာဏာပိုင်နက်ကို လက်လွှဲပေးဖို့ ဆိုတာဟာ သူ့ရဲ့ သမ္မတ လုပ်ပိုင်ခွင့်ထဲမှာ မပါဘူးလို့ ပြောထားပါတယ်။

တစ်ဖက်မှာလည်း ရုရှားသမ္မတပူတင်က မေလ ၈ ရက်ကနေ ၁၀ ရက်အထိ ၃ ရက်ကြာ ဒုတိယမြောက် အပစ် အခတ်ရပ်စဲရေးကို ကြေညာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်ယူနီယံနဲ့ မဟာမိတ်တွေရဲ့ နာဇီဂျာမနီ ကို အောင်ပွဲခံခဲ့တဲ့ အောင်မြင်မှု နှစ်(၈၀)ပြည့် အထိမ်းအမှတ်အဖြစ် ရုရှားသမ္မတ ဗလာဒီမာပူတင်က သုံးရက်ကြာ အပစ်အခတ် ရပ်စဲကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။