အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သူ့အကြံပေးအဖွဲ့တွေစုဝေးပြီး မကြာသေးမီရက်အတွင်းက ရုရှားနဲ့ ယူကရိန်း အရေး ဆွေးနွေးခဲ့ကြကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ရုရှားနဲ့ယူကရိန်းအရေး ဆွေးနွေးပွဲ ရလဒ် က အပေါင်းလက္ခဏာ ဆောင်ခဲ့တဲ့အပြင် ထင်ထားတာထက် တိုးတက်မှုရှိခဲ့တယ်လို့ အိမ်ဖြူတော်က ပြန်လာစဉ် သတင်းထောက်တွေနဲ့ စကားပြောရာမှာ သမ္မတထရမ့်က ပြောဆိုခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စဉ်ကာတုန်းက ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲကို တစ်ရက် အတွင်း အမြန်အဆုံးသတ်နိုင်စေရမယ်လို့ ပြောဆိုခဲ့သလို အခုအခါမှာလည်း သုံးနှစ်နီးပါး ကြာမြင့်နေပြီဖြစ်တဲ့ ရုရှား-ယူကရိန်း ပဋိပက္ခကို အမြန်အဆုံးသတ်စေလိုတယ်လို့ ပြောဆိုနေတာပါ။ သမ္မတထရမ့်ဟာ တရားမျှတမှု ရှိဖို့ ပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆီကို ဦးတည်သွားနိုင်မယ့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ကြားထဲက ပွဲစားလုပ်ပြီး ဖြေရှင်းနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထရမ့်ရဲ့ ဒုတိယသမ္မတ သက်တမ်း တာဝန်ထမ်း ဆောင်တဲ့ ရက် ၁၀၀ အတွင်းမှာ ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို မဆိုထားနဲ့ အပစ်အခတ် ရပ်စဲရေးအတွက်တောင် မျှော်မှန်းထားတာထက် ခက်ခဲနေတာကို တွေ့ရပါတယ်။