ရုရှားသမ္မတနဲ့ ၂ နာရီကြာ ဖုန်းခေါ်ဆိုပြောကြားပြီးနောက် ရုရှားနဲ့ ယူကရိန်း အပစ်အခတ်ရပ်စဲရေးနဲ့ စစ်ပွဲ အဆုံးသတ်ရေးကို ချက်ချင်းစတင်မှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ပူတင်နဲ့ ထရမ့် တို့ စကားပြောဆိုမှုက အလွန် ကောင်းမွန်တဲ့အပြင် အပစ်အခတ်ရပ်စဲရေးနဲ့ စစ်ပွဲအဆုံးသတ်ရေး အတွက် အပေါင်းလက္ခဏာဆောင်တဲ့ ရလဒ်တွေ ရရှိခဲ့တယ်လို့ ထရမ့်က ဆိုပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်နိုင်ဖို့အတွက် ရုရှား- ယူကရိန်း နှစ်နိုင်ငံအကြား ညှိနှိုင်းဖို့ လိုအပ်တယ်လို့ လည်း ထရမ့်က ပြောပါတယ်။ဖုန်းခေါ်ဆိုမှုအပြီး Truth Social စာမျက်နှာမှာ ထရမ့်က “ ရုရှားနဲ့ယူကရိန်းတို့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုတွေကို ချက်ချင်းစတင်မှာဖြစ်ကြောင်း ဖော်ပြရေးသားခဲ့တာပါ။

ရုရှားသမ္မတပူတင်ကလည်း “ဖြစ်နိုင်ချေရှိတဲ့ အနာဂတ်ငြိမ်းချမ်းရေး သဘောတူညီချက်ဆိုင်ရာ စာချွန်လွှာ” လက်မှတ်ရေးထိုးဖို့နဲ့ ယူကရိန်းနဲ့ လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ရှိတယ်လို့ ပြောကြားလာပါတယ်။ ဒါပေမဲ့ ရက်ပေါင်း ၃၀ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက တောင်းဆိုချက်တွေ ကိုတော့ ရုရှားသမ္မတက ပြန်လည်တုံ့ပြန် ပြောကြားထားတာတော့ မရှိသေးပါဘူး။