အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ရဖို့အတွက်ဆိုရင် ရုရှားအပေါ် ပိတ်ဆို့ အရေးယူဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက် ဆန့်တ်က ဒေသစံတော်ချိန် မတ်လ ၆ ရက်က ကျင်းပတဲ့ “The Economic Club of New York” ဆွေးနွေးပွဲမှာ ပြောကြားထားတာကို Bloomberg သတင်းမှာဖော်ပြထားပါတယ်။

ရုရှားရဲ့ စစ်လက်နက် ထုတ်လုပ်ရေးအတွက် အဓိက ဝင်ငွေရနေတဲ့ စွမ်းအင်နဲ့ ဘဏ်လုပ်ငန်းအားလုံးကို အပြီးတိုင် ပိတ်ဆို့လို့ ရတယ်လို့ စကော့ဘက်ဆန့်တ်က ဆိုပါတယ်။ ဂျိုးဘိုင်ဒင် လက်ထက်မှာ ယူကရိန်းကို ၃ နှစ်နီးပါးကြာ လက်နက်နဲ့ ငွေကြေး အကူအညီတွေ ပေးနေပေမယ့် ရုရှားအပေါ်ကို ထိထိရောက်ရောက် ပိတ်ဆို့ အရေးယူတာတွေ မလုပ်ခဲ့ဘူးလို့ စကော့ဘက်ဆန့်တ်က ဝေဖန်ပါတယ်။

ရွေးကောက်ပွဲ ကာလ အမေရိကန်မှာ လောင်စာနဲ့စွမ်းအင် စျေးနှုန်းတွေ တက်မှာကို မလိုလားတဲ့အတွက် ရုရှားရဲ့ လောင်စာနဲ့ စွမ်းအင်အပေါ်ကို ဘိုင်ဒန် အစိုးရက မပိတ်ဆို့ဘဲ အိမ်ဖြူတော်က ထွက်ခါနီး ဇန်နဝါရီကျမှ ပိတ်ဆို့မှုတွေ တိုးမြှင့်ခဲ့တာလို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်တ်က ထောက်ပြသွားပါတယ်။