သတ္တုတွင်းထွက် သဘောတူညီချက် လက်မခံပါက ယူကရိန်းမှာလည်ပတ်နေတဲ့ Starlink ဂြိုလ်တု လည်ပတ်မှု ပိတ်ပစ်မယ်လို့ အမေရိကန် စေ့စပ်ညှိနှိုင်းရေးမှူးတွေက ခြိမ်းခြောက်ပြောဆို ကြောင်း Reuters သတင်းမှာဖော်ပြထားပါတယ်။

SpaceX ပိုင် Starlink ဂြိုလ်တုအင်တာနက် ဝန်ဆောင်မှုဟာ ယူကရိန်းအတွက် အလွန်အရေးကြီးတာကြောင့် အမေရိကန်ဘက်ကအခုလိုခြိမ်းခြောက်ပြောဆိုလာတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းယူကရိန်းနဲ့ အမေရိကန်တို့ သတ္တုတွင်းထွက် သဘောတူညီချက်ကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်ဖို့ ကြိုးပမ်းနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ပြောကြားထားတာလည်းရှိနေပါတယ်။

ထရမ့် ပြောကြားတာနဲ့ပတ်သတ်ပြီး ယူကရိန်းကများပြားလှတဲ့ သတ္တုတွင်းထွက် အရင်းအမြစ်တွေကို အမေရိကန်က ပိုင်ဆိုင်ဖို့ကြိုးပမ်းနေတာ သိသာထင်ရှားကြောင်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။ယူကရိန်းရှိ အဓိက သတ္တုတွင်းထွက်ပစ္စည်းတွေဖြစ်တဲ့ ဂရပ်ဖိုက်၊ ယူရေနီယမ်၊ တိုက်တေနီယမ်နဲ့ လီသီယမ်တို့ကို အမေရိကန် အနေနဲ့ရယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ဆွေးနွေးပွဲအတွင်း ယူကရိန်းမှာရှိတဲ့ အရေးပါတဲ့ ဓာတ်သတ္တုများဆိုင်ရာ သဘောတူညီချက်မရရှိခဲ့ပါက ဝန်ဆောင်မှုကို ခေတ္တပိတ်ထားပစ်မယ်လို့ အမေရိကန်အဆင့်မြင့်အရာရှိတွေက ပြောကြားထားပါတယ်။