ယူကရိန်းနဲ့ ရုရှားအကြား အပစ်အခတ်ရပ်စဲရေးကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ ထပ်ဆွေးနွေးဖို့ ရှိနေပါတယ်။ အမေရိကန် သံတမန် စတိဖ် ဝစ်ကော့ဖ် (Steve Witkoff)ဟာ ပြီးခဲ့တဲ့မတ်လ ၁၃ ရက်က ဗလာဒီမာပူတင်နဲ့ မော်စကိုမြို့မှာ တွေ့ဆုံခဲ့ပါတယ်။

အခုသီတင်းပတ်အတွင်းမှာ သမ္မတနှစ်ဦးကြား ဖုန်းဆက်သွယ်စကားပြောဆိုမှု ရှိလာမယ်လို့ စတိဖ် ဝစ်ကော့ဖ်က CNN ကို ပြောပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ကလည်း ယူကရိန်းနဲ့ ရုရှား နှစ်နိုင်ငံလုံးက အရာရှိတွေနဲ့ တွေ့ဆုံဖို့ ရှိနေပြီး လာမယ့် သီတင်းပတ်တွေအတွင်းမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ခုခု ရရှိနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း စတိဖ်က ပြောပါတယ်။

ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေနဲ့ ပတ်သက်ပြီး ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ မေးခွန်းကိုတော့ စတိဖ် ဝစ်ကော့ဖ်က ဖြေကြားတာ မရှိပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက အမေရိကန်ရဲ့ အဆိုပြုချက်အပေါ် ယူကရိန်းဘက်က ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့ပြီး ဗလာဒီမာပူတင်ကတော့ မူအရ သဘောတူပေမယ့် ညှိနှိုင်းစရာတွေ ရှိသေးတယ်လို့ ပြောထားပါတယ်။