ယီမင်နိုင်ငံအပေါ် စစ်ရေးတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောကြား သွားမှာ မဟုတ်ဘူးလို့ အမေရိကန်စစ်တပ်က ဧပြီ ၂၇ ရက်က ပြောကြားလာတာကို Reuters သတင်းမှာ ဖော်ပြ ထားပါတယ်။ အမေရိကန်စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေက ဟူသီသူပုန်တွေကို သေစေလောက်တဲ့ အကျိုးသက် ရောက်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။

ယီမင် စစ်ရေးတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ဆင်ရေးလုံခြုံရေးကို ထိန်းသိမ်းဖို့အပြင် အနာဂတ်စစ်ဆင်ရေးတွေရဲ့ အသေးစိတ်အချက်အလက်တွေကို ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော် ပြောကြားမှုကို ကန့်သတ်ထားမှာဖြစ်တယ်လို့ ဆိုပါတယ်။သမ္မတ ဒေါ်နယ်ထရမ့်က ယီမင်နိုင်ငံအပေါ် အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကို အရှိန်မြှင့်ဖို့ ပြီးခဲ့တဲ့လအတွင်းက အမိန့်ပေးခဲ့ပြီး အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်တွေ ပင်လယ်နီမှာ ဖြတ်သန်းသွားလာနေတဲ့ သင်္ဘော တွေကို တိုက်ခိုက်တာနဲ့ ချက်ချင်း အရှိန်မြှင့်လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ ထရမ့်က ပြောကြားထားပါတယ်။

မကြာသေးမီအချိန်ကာလအတွင်းက အမေရိကန် တိုက်ခိုက်မှုတွေကြောင့် ယီမင်အခြေစိုက် ရေနံဆိပ်ကမ်း တစ်ခုမှာ လူ ၇၄ ယောက်သေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဟူသီကျန်းမာရေးဝန်ကြီးဌာနက အတည်ပြု ပြောကြားခဲ့ပါတယ်။