ထရမ့်အစိုးရရဲ့ မွေးရာပါနိုင်ငံသားဖြစ်ခွင့်ကို အဆုံးသတ်မဲ့ ကြိုးပမ်းမှုကို အမေရိကန် အယူခံတရားရုံးတစ်ရုံးက ကန့်သတ်ပိတ်ဆို့လိုက်ပါတယ်။ ဒီအတွက် အဲဒီအခွင့်အရေး ဆက်လက်ရှင်သန်ရေးဟာ တရားရုံးချုပ်မှာ ထိပ်တိုက် ရင်ဆိုင်ရမဲ့ အခြေအနေ ဆိုက်လာနေပါတယ်။

အမှတ်(၉) ယူအက်စ် အယူခံတရားရုံးက ဗုဒ္ဓဟူးနေ့မှာ သမ္မတထရမ့်ရဲ့ သမ္မတအုပ်ချုပ်ရေးအမိန့်ကို ပိတ်ဆို့တားဆီးတဲ့ ဆီယက်တဲလ် တရားသူကြီး အမိန့်ကို ဖယ်ရှား ပေးဖို့ အမေရိကန်တရားရေးဌာနက အရေးပေါ်ပန်ကြားလာချက်အပေါ်မှာ အဲဒီ အယူခံတရားရုံးက ငြင်းပယ်ခဲ့ တာပါ။ အဲဒီကိစ္စကို အယူခံတရားရုံးမှာ အသေးစိတ် လေ့လာသုံးသပ်မှုတွေ လုပ်ဖြစ်ပြီး ဇွန်လထိ ကြားနာမှုတွေ လုပ်သွားမှာပါ။ ဒါဟာ ထရမ့်အစိုးရမူဝါဒကို ဥပဒေကြောင်းအရ စိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်ပြီး အယူခံ တရားသူကြီး အဖွဲ့ရဲ့ ကြားဝင်မှု ရှိလာတဲ့ ပထမဆုံး အမှုလည်း ဖြစ်ပါတယ်။

၁၈၆၈ ခုနှစ်က ချမှတ်ခဲ့တဲ့ အခြေခံ ဥပဒေပြင်ဆင်ချက်နဲ့ အဲဒီပြင်ဆင်ချက်မတိုင်ခင် ထုတ်ပြန်တဲ့ ဥပဒေတစ်ရပ်အရ အမေရိကန်မြေမှာ မွေးဖွားသူ ဘယ်သူ့ကိုမဆို သူတို့မိဘတွေရဲ့ လူဝင်မှုဆိုင်ရာ အဆင့်အတန်း ဘယ်လိုရှိရှိ နိုင်ငံသားဖြစ်ခွင့်ပေးအပ်ထားပါ တယ်။ ထရမ့်အစိုးရက အထောက်အထားမဲ့ ဒါမှမဟုတ် အမေရိကန်မှာ ယာယီဗီဇာနဲ့ တရားမဝင်ရှိနေတဲ့ လူတွေ ကနေ မွေးဖွားလာသူတွေကို အဲဒီအခွင့်အရေးပိုင်ဆိုင်ခွင့် အဆုံးသတ်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ အမှတ်(၉) အယူခံတရားရုံးမှာ အဲဒီအမှုကို ဝါရှင်တန်ဦးဆောင်တဲ့ ပြည်နယ်လေးခုက ဒီမိုကရက်တစ် ရှေ့နေချုပ်တွေက တင်သွင်းလာခဲ့တဲ့နောက် အမှုကို လက်ခံသုံးသပ်ခဲ့တာဖြစ်ပါတယ်။