ရာနဲ့ချီတဲ့ အမေရိကန် မရိန်းတပ်သားတွေ လော့စ်အိန်ဂျလိစ်ဧရိယာကို ရောက်ရှိလာပြီဖြစ်ကြောင်း Reuters သတင်းမှာ ဖော်ပြပါရှိပါတယ်။ အမေရိကန်စစ်တပ်က မရိန်းတပ်သား ၇၀၀ နီးပါးကို လော့စ်အိန်ဂျလိစ်မှာ ယာယီတပ်ဖြန့်ထားမှာဖြစ်ကြောင်း ဇွန်လ ၁၀ ရက်က ပင်တဂွန်စစ်ဌာနချုပ်က အတည်ပြုပြောကြားပြီး နောက် တစ်ရက် ဒီကနေ့ ဇွန်လ ၁၁ ရက်မှာ မရိန်းတပ်သားတွေ ရောက်ရှိလာတာပါ။

မြို့တော်ဝန်ကလည်း မြို့လယ်ဧရိယာ နေရာအများအပြားကို ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်သူ ၁၉၇ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ် မြို့မှာ အထောက်အထားမဲ့ ရွှေ့ပြောင်း ဝင်ရောက်သူတွေကို စီးနင်းဖမ်းဆီးမှုတွေကို တုံ့ပြန်ကြရာက မငြိမ်မသက်မှုတွေ၊ ထိပ်တိုက်ရင်ဆိုင်တွေ့မှုတွေ ဖြစ်လာခဲ့ပါတယ်။

ထရမ့်က နောက်ထပ် အမျိုးသားအစောင့်တပ်သား ၂,၀၀၀ ကို တပ်ဖြန့်ထားမှာဖြစ်ကြောင်း အတည်ပြုခဲ့ပြီး လော့စ်အိန်ဂျလိစ်ဧရိယာမှာ မရိန်းတပ်သား ၇၀၀ ကလည်း ဖယ်ဒရယ် လူဝင်မှုကြီးကြပ်ရေး စီးနင်းမှုမှာ ဆန့်ကျင်သူတွေကို တုံ့ပြန်ရာမှာ ကူညီပေးဖို့ ပင်တဂွန်က တပ်ဖြန့်ထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ လူဝင်မှုကြီးကြပ်ရေး စီးနင်းမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ လမ်းပေါ်ထွက် ဆန္ဒ ထုတ်ဖော်တာတွေ ဖြစ်ပွားခဲ့ပြီးနောက် ထရမ့်က အမျိုးသားအစောင့်တပ်တွေ စေလွှတ်ချထားပြီးကတည်းက တင်းမာမှုတွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။