အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Golden Dome လို့ခေါ်တဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်သစ် တည်ဆောက်သွားမယ်လို့ ပြောပါတယ်။ ထရမ့်ဟာ မေလ ၂၀ ရက်က ပြုလုပ်ခဲ့တဲ့ ဘဲဥပုံရုံးခန်းထဲက ရှင်းလင်းပွဲ တစ်ခုမှာ အခုလို ထုတ်ပြောခဲ့တာဖြစ်ပြီး ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် အနာဂတ်ဒီဇိုင်းကိုလည်း ရွေးချယ် ပြီးပြီလို့ ဆိုပါတယ်။

ဒီစနစ်မှာ အာကာသအခြေပြု အာရုံခံကိရိယာတွေနဲ့ ကြားဖြတ်ကိရိယာတွေ ပါဝင်မှာဖြစ်ပြီး ဝေဟင်၊ ရေပြင်နဲ့ မြေပြင် အကုန်လုံးကို ကာကွယ်ပေးမယ့် မျိုးဆက်သစ်နည်းပညာနဲ့ စနစ်ဖြစ်မယ်လို့ ပြောပါတယ်။ ထရမ့်ဟာ ပဲ့ထိန်းဒုံးကျည်တွေနဲ့ ခရုဇ်ဒုံးကျည်တွေ အပါအဝင် အမေရိကန်အတွက် မျိုးဆက်သစ် ဝေဟင်ခြိမ်းခြောက်မှု တွေကို တန်ပြန်ဖို့ ရည်ရွယ်တဲ့စနစ် တည်ဆောက်ဖို့ ဆောင်ရွက်နေတာပါ။ဒီစနစ်ဟာ ကမ္ဘာ့တစ်ဖက်ခြမ်းက ပစ်လွှတ်မယ့် ဒုံးကျည်တွေအပြင် အာကာသထဲက ပစ်လွှတ်တာတွေကိုပါ တားဆီးနိုင်စွမ်းရှိမယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ ဒါဟာ အစ္စရေးရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် Iron Dome လို စနစ်မျိုးဖြစ်ပေမယ့် Iron Dome ထက် အဆများစွာ ပိုကြီးပြီး နည်းပညာပိုမြင့်မယ်လို့ သိရပါ တယ်။

ဒီအစီအစဉ်အတွက် ကနဦးရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၅ ဘီလီယံ လိုအပ်မှာဖြစ်ပြီး စုစုပေါင်းကုန်ကျ စရိတ်ကတော့ ဒေါ်လာ ၁၇၅ ဘီလီယံလောက် ရှိနိုင်ပါတယ်။ ဒီစီမံကိန်းကို ကြီးကြပ်ဖို့အတွက် အမေရိကန် အာကာသစစ်ဆင်ရေးတပ်ဖွဲ့ ဒုတိယအကြီးအကဲ မိုက်ကယ်ဂတ်တလိုင်းကို တာဝန်ပေးထားတယ်လို့ ထရမ့်က ပြောထားပါတယ်။လက်ရှိအမေရိကန်မှာ လေကြောင်းရန်ကာကွယ်ရေးစနစ်အချို့ ရှိပေမယ့် ရုရှားနဲ့ တရုတ်တို့က ဒီဇိုင်းထုတ်ထားတဲ့ ဒုံးကျည်နည်းပညာသစ်တွေကို ကာကွယ်နိုင်စွမ်းမရှိဘူးလို့ ပင်တဂွန်အရာရှိတွေက ကာလရှည်ကြာ သတိပေးထား ခဲ့ပါတယ်။