ရာဇဝတ်ဂိုဏ်းဝင်တွေလို့ စွပ်စွဲခံထားရတဲ့ ဗင်နီဇွဲလားနိုင်ငံသား ၂၀၀ ကျော်ကို အမေရိကန်က အယ်လ်ဆာ ဗေးဒေါမှာရှိတဲ့ အကျဉ်းထောင်တစ်ခုကို ပို့ဆောင်လိုက်ပါတယ်။ ဝါရှင်တန်ဒီစီမှာရှိတဲ့ အမေရိကန် ခရိုင်တရား သူကြီးက ထရမ့်ရဲ့ ပြည်နှင်ဒဏ်ပေးတဲ့ အစီအစဉ်တွေကို ယာယီရပ်ဆိုင်းဖို့ တားမြစ်မိန့်ထုတ်ထားချိန်မှာ အခုလို ပြည်နှင်ဒဏ်ပေးမှု ပေါ်ပေါက်လာတာပါ။ဗင်နီဇွဲလား ရာဇဝတ်ဂိုဏ်းတစ်ခုက အဖွဲ့ဝင် ၂၃၈ ယောက်နဲ့ နိုင်ငံတကာ MS-13 ဂိုဏ်းက အဖွဲ့ဝင် ၂၃ ယောက် အယ်လ်ဆာဗေးဒေါကို မတ်လ ၁၆ ရက် မနက်ပိုင်းက ရောက်ရှိလာတယ်လို့ အယ်လ်ဆာဗေးဒေါ သမ္မတက လူမှုကွန်ရက်တစ်ခုပေါ်မှာ ရေးသားထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီဗင်နီဇွဲလား ရာဇဝတ်ဂိုဏ်းဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပိုင်နက်ကို ကျူးကျော်ရန်စချင်တဲ့ အဖွဲ့လို့ မတ်လ ၁၅ ရက်မှာ ကြေညာခဲ့ပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာ တရားရုံးက ထရမ့် အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြည်နှင်ဒဏ်တွေဟာ အငြင်းပွားမှုတွေ ရှိတဲ့အတွက် ၁၄ ရက်ကြာ ခေတ္တဆိုင်းငံ့ထားဖို့ ယာယီ တားမြစ်မိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအမိန့် ထုတ်ပြန်ချိန်မှာ ရာဇဝတ်ဂိုဏ်းသားတွေကို ပို့ဆောင်တဲ့ လေယာဉ်ဟာ ထွက်ခွာသွားပြီ ဖြစ်တဲ့အတွက် အုပ်ချုပ်ရေးက တရားရုံးအမိန့်ကို မလိုက်နာတာ မဟုတ်ဘူးလို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလီဗစ်က ပြောပါတယ်။

ဒီဖြစ်စဉ်ကြောင့် အိမ်ဖြူတော်နဲ့ တရားစီရင်ရေးမဏ္ဍိုင်တို့အကြား ပွတ်တိုက်မှုဖြစ်ပေါ်လာတယ်လို့ CNN က ဖော်ပြပါတယ်။ ထရမ့်အစိုးရကို တရားစွဲဆိုရာမှာ ပါဝင်ခဲ့တဲ့ Civil Liberties Union က ဒီဖြစ်စဉ်ဟာ တရားရုံးရဲ့ အမိန့်ကို ချိုးဖောက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။အယ်လ်ဆာဗေးဒေါနဲ့ အမေရိကန်အကြား နှစ်နိုင်ငံ သဘောတူညီမှုအရ အမေရိကန်က ပြည်နှင်ဒဏ်ခံရသူတွေကို အယ်လ်ဆာဗေးဒေါက လက်ခံထိန်းသိမ်းပေးနေတာပါ။ ဒီအကျဉ်းသားတွေကို နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စီကော့ အကျဉ်းထောင်ကို ချက်ချင်းလွှဲပြောင်းထားတယ်လို့ အယ်လ်ဆာဗေးဒေါသမ္မတက ပြောထားပြီး ဒီအကျဉ်းထောင် ဟာ အကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်တဲ့ထောင်လို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲထားပါတယ်။