အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြည်ပမှာထုတ်လုပ်တဲ့ ရုပ်ရှင်တွေကို အခွန် ၁၀၀ ရာခိုင်နှုန်း အထိ စည်းကြပ်ဖို့ မေလ ၄ ရက်က ကြေညာလိုက်ကြောင်း CNA သတင်းမှာ ပါရှိပါတယ်။

တခြားတိုင်းပြည်တွေကနေ ရုပ်ရှင်ထုတ်လုပ်သူတွေကို အကျိုးအမြတ်တွေနဲ့ ဆွဲဆောင်မှုတွေကြောင့် အမေရိကန် ရုပ်ရှင်လုပ်ငန်းဟာ တိမ်ကောလာနေသလို ဒါဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုလည်း ဖြစ်လာနိုင်တယ်လို့ ထရမ့်က ပြောပါတယ်။ ကုန်သွယ်ရေးဌာနလို သက်ဆိုင်ရာအစိုးရဌာနကို ဒီကိစ္စ ချက်ချင်း အကောင်အထည်ဖော်ဖို့ ညွှန်ကြားထားပေမယ့် အမေရိကန်မှာ ထုတ်တဲ့ရုပ်ရှင်တွေပဲ အလိုရှိတယ်လို့ သမ္မတထရမ့်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ဇန်နဝါရီလတုန်းကလည်း ထရမ့်ဟာ အမေရိကန်ဝါရင့်ရုပ်ရှင်သမားတွေဖြစ်တဲ့ Jon Voight, Sylvester Stallone နဲ့ Mel Gibson တို့ကို ဟောလိဝုဒ်ကို အရင်ကထက် ပိုမိုခိုင်မာတောင့်တင်းစေဖို့ ကိုယ်စားလှယ်တွေ အဖြစ် ခန့်အပ်ခဲ့ပါသေးတယ်။

ရုပ်ရှင်နဲ့တီဗီထုတ်လုပ်ရေးတွေက ဟောလိဝုဒ်ကို စွန့်ခွာပြီး ရုပ်ရှင်ထုတ်လုပ် ရေး ကုန်ကျစရိတ် နည်းပါးတဲ့ နေရာတွေကို ပြောင်းရွှေ့သွားခဲ့ကြတာပါ။ ကုန်သွယ်ရေးဌာန အကြီးတန်းအရာရှိဟောင်းတစ်ယောက်ကတော့ သမ္မထရမ့် ချမှတ်လာတဲ့ ရုပ်ရှင်လုပ်ငန်း စည်းကြပ်ခွန်အရေးကို လက်တုံ့ပြန်တာက ရုပ်ရှင်လုပ်ငန်းကို ထိခိုက်ပျက်စီးစေနိုင်တယ်လို့ ပြောကြားထား ပါတယ်။