အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ အမေရိကန် စီးပွားရေးယာဉ်တွေနဲ့ စစ်သင်္ဘောတွေအတွက် ပနားမားနဲ့ ဆူးအက်တူးမြောင်းတို့ကို အခမဲ့ဖြတ်သန်းခွင့် ပေးဖို့အတွက် ဧပြီလ ၂၆ ရက်က တောင်းဆိုလိုက်ကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။ အမေရိကန် အခြေစိုက်စီးပွားရေးယာဉ်တွေနဲ့ စစ်သင်္ဘော နှစ်မျိုးစလုံး ပနားမားနဲ့ ဆူးအက်တူးမြောင်းကနေ အခမဲ့ ဖြတ်သန်းခွင့်ပြုသင့်ကြောင်းနဲ့ အမေရိကန် မရှိဘဲ အဲဒီလမ်းကြောင်းတွေ မရှိနိုင်ဘူး လို့လည်း ထရမ့်ကသူ့ရဲ့ Truth Social Platform မှာ ရေးသားခဲ့ဖူးပါတယ်။

ပနားမားတူးမြောင်းနဲ့ ပတ်သက်ပြီး ကောက်ခံတဲ့အဖိုးအခတွေကို ပနားမားတူးမြောင်းအာဏာပိုင်အဖွဲ့(ACP)ကနေ ဦးစီးစီမံခန့်ခွဲတာဖြစ်ပြီး အဲဒီအဖွဲ့ဟာ လွတ်လပ်တဲ့အုပ်ချုပ်ရေးအဖွဲ့ဖြစ်တယ်လို့ ပနားမားသမ္မတ ဟိုဆေးရာအူမူ လီနိုက ပြောပါတယ်။ အခုလအစောပိုင်းအတွင်းက အမေရိကန် ကာကွယ်ရေးဝန်ကြီး ပနားမားမြို့ကို သွားရောက် စဉ်က အမေရိကန်စစ်သင်္ဘာတွေအနေနဲ့ ပနားမားတူးမြောင်းကနေ “အခမဲ့” ဖြတ်သန်းခွင့်ရရေးအတွက် သဘောတူညီမှုတစ်ရပ် ရရှိဖို့ ကြိုးပမ်းနေတယ်လို့လည်း ဟိုဆေးရာအူမူ လီနိုက ပြောကြားခဲ့ပါတယ်။