သမ္မတဒေါ်နယ်ထရမ့်ကို ငွေကြေးအဓိကထောက်ပံ့ပေးခဲ့တဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ဟာ နိုင်ငံရေးစည်းရုံးပွဲတွေအတွက် အသုံးစရိတ်အများအပြားကို လျှော့ချသွားမယ်လို့ မေလ ၂၀ ရက်မှာ ပြောကြားခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြပါတယ်။

ဒါဟာ နောက်နှစ်မှာ သက်တမ်းဝက်ရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိနေတဲ့ ရီပတ်ဘလစ်ကန်တွေအတွက်အားနည်းချက်တစ်ခု ဖြစ်သွားနိုင်ပါတယ်။ မတ်စ်ဟာ ၂၀၂၄ ခုနှစ် မဲဆွယ်စည်းရုံးရေးကာလအတွင်းမှာ နိုင်ငံရေး အသုံးစရိတ်အများဆုံး သုံးခဲ့တဲ့ သူတွေထဲပါဝင်ပြီး ထရမ့်ရဲ့ သမ္မတမဲဆွယ်စည်းရုံးရေးအတွက် အနည်းဆုံး ဒေါ်လာ သန်း ၂၅၀ သုံးခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးစရိတ်တွေ လျှော့ချသွားမယ်ဆိုပေမဲ့ နောက်ပိုင်းမှာ သုံးစရာအကြောင်းရှိလာရင် သုံးသွားမှာဖြစ်ပြီး လောလောဆယ်မှာတော့ အကြောင်းရင်း မတွေ့ရသေးဘူးလို့ သူက ပြောခဲ့ပါတယ်။ထရမ့်တာဝန်ယူချိန်ကစပြီး အီလွန်မတ်စ်ဟာ အစိုးရဘတ်ဂျက်ငွေတွေ ဖြတ်တောက်တဲ့ဌာနကို ဦးဆောင်ပြီး အစိုးရအသုံးစရိတ်လျှော့ချမှုတွေကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်ခဲ့ပါတယ်။ ဒီကိစ္စတွေကြောင့်ပဲ မတ်စ်ဟာ ဆန္ဒပြမှုတွေ၊ တိုက်ခိုက်မှုတွေ၊ တက်စလာကားတွေကို မီးရှို့ဖျက်ဆီးခံရမှုတွေနဲ့ ကြုံခဲ့ရပါတယ်။