အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပထမ သမ္မတ ရာထူးသက်တမ်းအတွင်းက နိုင်ငံတော် ဘတ်ဂျက် အသုံး စရိတ်တွေ ပိုမိုသုံးစွဲခဲ့တာကြောင့် အခု လက်ရှိသမ္မတသက်တမ်းမှာတော့ အသုံးစရိတ်လျှော့ချနိုင်ဖို့ စီစဉ်နေတယ် လို့ CNN သတင်းမှာ ရေးသားထားပါတယ်။ သမ္မတထရမ့်ဟာ လက်ရှိမှာ နိုင်ငံတော်ရဲ့ ကြီးလေးတဲ့ဘဏ္ဍာရေး ဆိုင်ရာ တာဝန်ဝတ္တရားတွေကို လျှော့ချနိုင်တာမရှိသေးဘူးလို့ လေ့လာသူတွေက ခန့်မှန်းသုံးသပ်ထားပါတယ်။

ကုန်ကျစရိတ်လျှော့ချဖို့အတွက် ကြိုးပမ်းမှုလက္ခဏာတစ်ရပ်အဖြစ် မြင်တွေ့ရဖို့တော့ နီးစပ်နေပြီလို့ ထရမ့်က ပြောကြားထားတာလည်း ရှိနေပါတယ်။ ထရမ့်ဟာ နိုင်ငံခြားအကူအညီ ဒေါ်လာဘီလီယံပေါင်းများစွာကို ရပ်တန့်ထားပြီး ပြီးခဲ့တဲ့လအတွင်းကပဲ အလုပ်သမား ၂၀,၀၀၀ ကျော်ကို အလုပ်ထုတ်ပယ်ခဲ့ပါသေးတယ်။

အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်အစိုးရရဲ့ မတ်လ ၁၄ ရက်နောက်ပိုင်း အသုံးစရိတ်အတွက် အတည်ပြုရမယ့် ဥပဒေထဲမှာ အငြင်းပွားဖွယ် ကျန်းမာရေးနဲ့ လူမှုဖူလုံရေးကဏ္ဍ ဖြတ်တောက်မှုတွေ ပါဝင်နိုင်လား ဆိုတဲ့ စိုးရိမ် ချက်တွေနဲ့ ပတ်သက်လို့ သမ္မတဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့မှာ ဖြေရှင်းခဲ့ပါတယ်။ “ကျွန်တော်တို့ အဲဒါကို ထိမှာ မဟုတ်ပါဘူး” လို့ ထရမ့်က သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။ ဒီကဏ္ဍတွေမှာ အသုံးစရိတ် ဖြတ်တောက် မှုက လာမယ့် နှစ်ပတ်ကျော်အတွင်း သက်တမ်းကုန်ဆုံးမယ့် ရေတို အသုံးစရိတ်ဥပဒေကြမ်းမတိုင်မီ ဥပဒေပြု လွှတ်တော်အမတ်တွေကြား အလျင်အမြန် ဖြေရှင်းဖို့ ကြိုးပမ်းနေတဲ့ ပြဿနာတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။