အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ “အမေရိက ပထမ” ဦးစားပေး မူဝါဒနဲ့အညီ စစ်ရာဇ၀တ်မှုတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပေးမှုတွေ လုပ်ဆောင်နေတဲ့ ရုံးတွေအပါအဝင် ရုံးပေါင်း ၁၀၀ ကျော်ကို ဖယ်ရှားပစ်မယ့် အမေရိကန် နိုင်ငံခြားရေးဌာနကို အကြီးစား ပြန်လည်ပြင်ဆင်ဖို့ ထရမ့်အစိုးရက အဆိုပြု နေပြီဖြစ်တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ကွန်ဂရက်လွှတ်တော်က အကြောင်းကြားထားတဲ့ အစီအစဉ်အရ ဌာနဆိုင်ရာ ဗျူရိုတွေနဲ့ ရုံးခန်းတွေ ၇၃၄ ခုထဲက ၁၃၂ ခုကို ဖျက်သိမ်းမှာဖြစ်ပြီး ဝန်ထမ်းတွေကို ၁၅ ရာခိုင်နှုန်း လျှော့ချမယ့် အစီအစဉ်တွေကို လက်ထောက် အတွင်းဝန်တွေက တင်ပြသွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ဆိုပါတယ်။ပြန်လည်ပြင်ဆင်ရေးကြောင့် လူဘယ်လောက် အလုပ်ထုတ်ခံရမယ် ဆိုတာကို ချက်ချင်း မသိရသေးပေမဲ့ Free Press ရဲ့ အွန်လိုင်းထုတ်ဝေမှု အစီရင်ခံစာအရ ပိတ်ထားတဲ့ရုံးတွေမှာ နောက်ထပ် ရာထူးနေရာ ၇၀၀ လောက်ကို ဖယ်ရှားပစ်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုက X လူမှုကွန်ရက်မှာ ပို့စ်တင် ပြောထားပါတယ်။

“သမ္မတ ထရမ့်ရဲ့ အမေရိကန် ပထမ ဆိုတဲ့ နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ဖို့က ကမ္ဘာတစ်ဝန်းမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံခြားရေးဌာနကို ကြီးကျယ်ခမ်းနားအောင် ပြန်လုပ်ရမယ်လို့လည်း နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ်က သတင်းထောက်တွေကို ပြောပါတယ်။အခုလို အင်အားပြိုင်ဆိုင်မှုကြီးတဲ့ ခေတ်သစ်မှာ လက်ရှိပုံစံအရ နိုင်ငံခြားရေးဌာနဟာ ဖောင်းပွနေပြီး ဗျူရို ကရေစီနဲ့ သူ့ရဲ့ မရှိမဖြစ် သံတမန်မစ်ရှင်ကို မစွမ်းဆောင်နိုင်သေးပါဘူးလို့လည်း ဆိုပါတယ်။ ဒီအဆိုပြုချက်ဟာ လမ်းပြမြေပုံဖြစ်ပြီး ကိစ္စတွေက ပြောင်းလဲနိုင်ပါတယ်လို့လည်း နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ်က ပြောပါတယ်။