ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုတွေအားလုံး ရုပ်သိမ်းပေးမယ်ဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကြေညာချက်အပေါ် ထရမ့်ရဲ့ အစိုးရအဖွဲ့ဝင်တွေကိုယ်တိုင် အံ့အားသင့်ခဲ့ရတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။သမ္မတဒေါ်နယ်ထရမ့်ဟာ ဆော်ဒီအာရေးဗီးယားကို ရောက်ရှိနေစဉ်အတွင်း ပြီးခဲ့တဲ့ မေလ ၁၃ ရက်မှာ ဆီးရီးယား အပေါ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းမယ့်ဆုံးဖြတ်ချက်ကို ကြေညာခဲ့တာပါ။ မေလ ၁၄ ရက်မှာတော့ ထရမ့်ဟာ ဆီးရီး ယားယာယီသမ္မတ အာမက်အယ်လ်ရှရားနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ထရမ့်ရဲ့ အခုလို ရုတ်တရက်ဆုံးဖြတ်ချက်ကြောင့် သူ့ရဲ့မူဝါဒတွေကို နောက်ကနေ လိုက်အကောင်အထည်ဖော် ပေးရမယ့် အစိုးရအရာရှိတွေအနေနဲ့ ဘယ်လိုဆက်ဆောင်ရွက်ရမလဲဆိုတာကို နားမလည်နိုင် ဖြစ်နေတယ်လို့ The Strait Times သတင်းမှာ ဖော်ပြပါတယ်။ဝါရှင်တန်မှာရှိတဲ့ နိုင်ငံခြားရေးဌာနနဲ့ ဘဏ္ဍာရေးဌာနက အကြီးတန်းအရာရှိတွေဟာ အဆင့်ဆင့်ပိတ်ဆို့ထားတဲ့ အရေးယူမှုတွေကို ဘယ်လို ဖျက်သိမ်းရမယ်ဆိုတာ နားမလည်နိုင် ဖြစ်နေသလို အိမ်ဖြူတော်အနေနဲ့ သက်ဆိုင်ရာ အရာရှိတွေကို ကြိုတင်အသိပေးထားတာလည်း မရှိကြောင်း အမေရိကန်အကြီးတန်းအရာရှိတွေက ရိုက်တာကို ပြောပါတယ်။ လူတိုင်းက ဒါကို ဘယ်လိုအကောင်အထည် ဖော်ရမလဲဆိုတာကို အဖြေရှာဖို့ ကြိုးစားနေကြပါ တယ်လို့ အရာရှိတစ်ယောက်က ပြောပါတယ်။

၂၀၂၄ ခုနှစ် နှောင်းပိုင်းမှာ ဆီးရီးယားသမ္မဟောင်းအာဆက် ပြုတ်ကျပြီးနောက် ဆီးရီးယားအပေါ် ပိတ်ဆို့ အရေး ယူမှုတွေ ရုပ်သိမ်းဖို့ အမေရိကန်ဘက်က စဉ်းစားခဲ့ပေမယ့် ဆီးရီးယား ယာယီသမ္မတရဲ့ အယ်လ်ကိုင်းဒါးနဲ့ ဆက်ဆံရေးဟောင်းကြောင့် အခြေအတင် ဆွေးနွေးခဲ့ကြရတာ ဖြစ်ပါတယ်။အမေရိကန်ဟာ ဆီးရီးယားကို ၁၉၇၉ ခုနှစ်ကတည်းက အရေးယူပိတ်ဆို့မှုတွေ စတင်ခဲ့တာဖြစ်ပြီး နိုင်ငံတကာ ဘဏ်စနစ်ကနေ ဖယ်ရှားထားသလို နိုင်ငံတကာ သွင်းကုန်အများအပြားကိုလည်း အဆင့်ဆင့် ပိတ်ဆို့ထားတာပါ။