ရိုက်တာက ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အမေရိကန်ပြည်သူတွေရဲ့ ထောက်ခံမှုဟာ အခုသီတင်းပတ်ထဲမှာ အနည်းငယ် ပြန်မြင့်တက်လာတယ်လို့ သိရပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ စီးပွားရေးကို ကိုင်တွယ်ပုံနဲ့ စီးပွားရေးကျဆင်းမယ့် အလားအလာတွေအပေါ် စိုးရိမ်မှု လျော့ကျသွားတဲ့အတွက် ထောက်ခံမှု ပြန်မြင့်တက်လာတာပါ။

မေလ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းအတွင်း ဒေါ်နယ်ထရမ့်ရဲ့ စွမ်းဆောင်ရည်ကို ထောက်ခံသူ ၄၄ ရာခိုင်နှုန်းရှိလာပြီး ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်ကနေ ၂၇ ရက်အထိ ပြုလုပ်ခဲ့တဲ့ စစ်တမ်းမှာတော့ ထရမ့်ကို ထောက်ခံသူ ၄၂ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။ ထရမ့်ရဲ့ စီးပွားရေးနဲ့ပတ်သက်တဲ့ ကိုင်တွယ်မှုအပေါ် ထောက်ခံမှုနှုန်းကလည်း အရင်က ၃၆ ရာခိုင်နှုန်း ရှိရာကနေ နောက်ဆုံးစစ်တမ်းမှာ ၃၉ ရာခိုင်နှုန်းအထိ တက်လာခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒုတိယ အကြိမ် သမ္မတသက်တမ်းကို စတင်တာဝန်ယူချိန်က ထောက်ခံမှု ၄၇ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ တော့ သူစတင်ခဲ့တဲ့ ကုန်သွယ်ရေး စစ်ပွဲတွေကြောင့် ထောက်ခံမှု ကျဆင်းခဲ့တာပါ။

ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းက ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ အကောက်ခွန်ခြိမ်းခြောက်မှုတွေကို ပြန်ဖြေလျှော့ခဲ့ ပြီး တရုတ်အပေါ် အခွန်လျှော့ချကြောင်းကိုလည်း ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။ ဒီအတွက် လက်ရှိ မှာ ထရမ့်အပေါ် ထောက်ခံမှု ပြန်တက်လာပေမယ့် စီးပွားရေးကျဆင်းနိုင်ခြေနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကတော့ မြင့်တက်နေဆဲ ဖြစ်ပါတယ်။ ရိုက်တာရဲ့ စစ်တမ်းဟာ အမေရိကန်တစ်ဝန်းက လူပေါင်း ၁,၁၀၀ ကျော်ကို အွန်လိုင်းကနေ ကောက်ယူထားတာ ဖြစ်ပါတယ်။