သမ္မတထရမ့်ရဲ့လုပ်ငန်းစဉ်တွေ အင်တိုက်အားတိုက် အကောင်အထည်ဖော်နေတာကို အမေရိကန် အတော် များများက သဘောမတူတဲ့အပြင် ရီပက်ဘလစ်ကန်တွေထဲက ထောက်ခံသူကလည်း တစ်ဝက်သာရှိတယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။သမ္မတထရမ့်ရဲ့ဦးစားပေးလုပ်ဆောင်မှုတွေ လွဲမှားနေကြောင်း ပြောသူက ထောက်ခံသူထက် ၂ ဆရှိတယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံသား ၁၀ ယောက်မှာ ၄ ယောက်က သမ္မတထရမ့်ကို ဒုတိယသက်တမ်းမှာ ပိုညံ့ လာတဲ့သမ္မတလို့ ပြောဆိုကြပြီး အားရစရာမကောင်းဘူးလို့ အေပီ-အန်အိုအာရ်စီ လူထုအရေး သုတေသန စင်တာက ပြုလုပ်ခဲ့တဲ့စစ်တမ်းမှာ ပြောကြားထားပါတယ်။ ရီပက်ဘလစ်ကန်တွေဟာ သမ္မတကိုထောက်ခံကြသူတွေဖြစ်ပေမယ့် သူအလေးပေးဆောင်ရွက်တဲ့ အရေး ကိစ္စတွေနဲ့ပတ်သက်လို့ စိတ်မတင်မကျ ဖြစ်နေကြပါတယ်။ ရီပက်ဘလစ်ကန်တွေထဲမှာ သမ္မတထရမ့်ကို ကောင်းမွန်တဲ့သမ္မတ ဖြစ်ကြောင်းပြောဆိုသူဟာ ဇန်နဝါရီနောက်ပိုင်းကစပြီး ၁၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ ကာ အရည်အသွေးညံ့ဖျင်းကြောင်း ပြောဆိုသူတွေက ပိုမိုများလာပါတယ်။

ဒီမိုကရက်တွေကတော့ သမ္မတထရမ့်ရဲ့ဒုတိယသက်တမ်းမှာ ပိုစိတ်ဆင်းရဲလာကြပြီး ဒီမိုကရက် ၄ ပုံ ၃ ပုံက ထရမ့်ဟာ အလေးပေးမှုတွေ လွဲမှားနေကြောင်း ပြောဆိုခဲ့ကြပြီး ၁၀ ယောက်မှာ ၇ ယောက်က သူဟာ ဆိုးရွားတဲ့သမ္မတဖြစ်တယ်လို့ ဆိုကြပါတယ်။ ထရမ့်ထောက်ခံသူတချို့ကလည်း သူ့ရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ မကျေနပ်သူတွေ ပိုတိုးလာနေတာကို တွေ့ရပါတယ်။