ဘီလီယံနာအီလွန်မတ်စ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တိုက်ခိုက်ခဲ့တဲ့ သူ့ရဲ့ဆိုရှယ်မီဒီယာ ပို့စ်အချို့ အတွက် နောင်တရကြောင်း မနေ့က ဇွန်လ ၁၁ ရက်မှာ ဝန်ခံလာပါတယ်။ တချို့သောတိုက်ခိုက်မှုတွေက အရမ်းလွန်သွားတယ်လို့ အီလွန်မတ်စ်က သူ့ရဲ့ X ဆိုရှယ်မီဒီယာပလက်ဖောင်းမှာ ပို့စ်တင်ခဲ့တာပါ။

ပြီးခဲ့တဲ့သီတင်းပတ်က သမ္မတထရမ့်ရဲ့ အခွန်နဲ့ အသုံးစရိတ်ဥပဒေကြမ်းကို အီလွန်မတ်စ်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီးနောက် တစ်ချိန်က အရင်းနှီးဆုံးမဟာမိတ်ဖြစ်ခဲ့တဲ့ သူတို့နှစ်ဦးကြားမှာ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာခဲ့ပါတယ်။ တိုက်ခိုက်မှုတွေအတွင်းမှာ မတ်စ်က ထရမ့်ကို စွပ်စွဲပြစ်တင်တာတွေ ပြုလုပ်ဖို့ တိုက်တွန်းတာ တွေအထိ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ မတ်စ်က ဆိုရှယ်မီဒီယာမှာ အဲဒီပို့စ်တွေကို ပြန်ဖျက်သွားခဲ့ပါတယ်။ထရမ့်ကလည်း အီလွန်မတ်စ်ဟာ ရူးသွားပြီလို့ ပြန်တိုက်ခိုက်ခဲ့သလို မတ်စ်ရဲ့ ကုမ္ပဏီတွေနဲ့ ချုပ်ဆိုထားတဲ့ ဖက်ဒရယ်အစိုးရစာချုပ်တွေကို ဖျက်သိမ်းပစ်မယ်လို့ ပြန်ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမဲ့ မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလိုင်းလီဗစ်ကတော့ အီလွန်မတ်စ်ရဲ့ ကုမ္ပဏီ တွေနဲ့ ပတ်သက်တဲ့ အစိုးရစာချုပ်တွေကို ပြန်သုံးသပ်တာမျိုး မရှိပါဘူးလို့ ပြောခဲ့ပါတယ်။

သမ္မတထရမ့်ကတော့ အီလွန်မတ်စ်နဲ့ ရေရှည်တိုက်ပွဲဖြစ်လိုတဲ့ ဆန္ဒမရှိဘူးလို့ ပြောကြားထားသလို တစ်ဖက် မှာလည်း မတ်စ်နဲ့ ဆက်ဆံရေးကို အရင်လိုပြန်ဖြစ်လာအောင် ပြုပြင်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့လည်း ပြောထား ပါတယ်။သတင်းရင်းမြစ်တစ်ခုရဲ့ ပြောကြားချက်အရတော့ အီလွန်မတ်စ်ဟာ လာမယ့် ၂၀၂၆ နိုဝင်ဘာလ ကြားဖြတ် ကွန်ဂရက်လွှတ်တော်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်တွေ အခက်တွေ့စေမယ့် ပါတီအသစ်တစ်ခု ထူထောင်နိုင်ခြေ ရှိနေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။