အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ အထိအခိုက်များတဲ့ကုန်သွယ်ရေးစစ်ပွဲကို ယာယီပြေငြိမ်းစေဖို့ ရည်ရွယ်တဲ့ နှစ်ရက်တာဆွေးနွေးပွဲအပြီး အင်အားကြီးနှစ်နိုင်ငံအကြား သဘောတူညီချက် ရရှိသွားပြီလို့ ပြောကြားခဲ့ပါတယ်။ တရုတ်နဲ့သဘောတူညီချက်ရယူနိုင်ခဲ့တာက သိပ်ကောင်းတဲ့ အစီအစဉ်ဖြစ်တယ်လို့ ဇွန်လ ၁၁ ရက်မှာ ထရမ့်က ချီးကျူးပြောဆိုခဲ့တာကို CNA သတင်းမှာ ဖော်ပြခဲ့ပါတယ်။

တရုတ်ဟာ အမေရိကန်လုပ်ငန်းတွေအတွက် အဓိကကျတဲ့ မြေရှားသတ္တုနဲ့သံလိုက်တွေကို ထောက်ပံ့ ပေးသွားမှာဖြစ်ပြီး ဝါရှင်တန်ကတော့ တရုတ်ကျောင်းသားတွေကို အမေရိကန်တက္ကသိုလ်တွေမှာ ဆက် တက်ခွင့်ပေးသွားမယ်လို့ ထရမ့်က သူ့ရဲ့ Truth Social ပလက်ဖောင်းမှာ ရေးသားထားပါတယ်။

အမေရိကန်နဲ့ တရုတ်ထိပ်တန်းစေ့စပ်ညှိနှိုင်းသူတွေ လန်ဒန်မှာ နှစ်ရက်တာ ဆွေးနွေးပွဲအပြီး မူဘောင် သဘောတူညီချက်တစ်ခု ကြေညာပြီးနောက် နာရီပိုင်းအကြာမှာ ထရမ့်က အခုလို ပြောကြားလာတာပါ။ ဒီသဘောတူညီချက်ကြောင့် အမေရိကန်က တရုတ်ကုန်ပစ္စည်းတွေကို စည်းကြပ်ခွန် ၅၅ ရာနှုန်း ကောက်ခံသွားမှာဖြစ်ပြီး တရုတ်ဘက်ကတော့ အမေရိကန်ကုန်ပစ္စည်းတွေကို အခွန် ၁၀ ရာနှုန်း ကောက်ခံသွားမယ်လို့ သိရပါတယ်။