တရုတ်နဲ့ အမေရိကန်ကြား မြေရှားသတ္တု သဘောတူညီချက် ရရှိခဲ့ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မနေ့က ဇွန်လ ၁၁ ရက်က သူ့ရဲ့ Truth Social ပလက်ဖောင်းမှာ ရေးသားပါတယ်။ ဒီသဘောတူညီချက်အရ တရုတ်က အမေရိကန်ကုမ္ပဏီတွေအတွက် မြေရှားသတ္တုထောက်ပံ့ပေးမှာဖြစ်ပြီး အမေရိကန်ဘက်ကလည်း တရုတ်ကျောင်းသားတွေအပေါ် ဗီဇာကိစ္စ ခြိမ်းခြောက်မှုတွေကို ပြန်ရုပ်သိမ်းပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အကောက်ခွန်နှုန်းထားအနေနဲ့ကတော့ အမေရိကန်ကို တင်သွင်းလာမယ့် တရုတ်သွင်းကုန်တွေအပေါ် အခွန် ၅၅ ရာခိုင်နှုန်း ကောက်ခံမှာဖြစ်ပြီး တရုတ်ကတော့ အမေရိကန်သွင်းကုန်တွေကို အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမယ်လို့ အိမ်ဖြူတော် အရာရှိတစ်ယောက်က ပြောပါတယ်။ တရုတ်နဲ့ ဆက်ဆံရေးက အလွန်ကောင်း တယ်လို့လည်း ထရမ့်က သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။

အမေရိကန်နဲ့ တရုတ်တာဝန်ရှိသူတွေ လန်ဒန်မှာ နှစ်ရက်ကြာ အပြင်းအထန် ကုန်သွယ်ရေး ဆွေးနွေးပွဲတွေ ပြုလုပ်ပြီးနောက် ဒီသဘောတူညီချက် ရရှိလာတာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမတိုင်မီက သမ္မတထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဖုန်းဆက်သွယ် စကားပြောဆိုခဲ့တာကလည်း အလွန်ကောင်းမွန်ခဲ့တယ်လို့ ထရမ့်က ပြောခဲ့ပါတယ်။ ထရမ့်ဟာ သူ့ရဲ့ဇနီးနဲ့အတူ တရုတ်ကို သွားရောက်မယ်လို့ ပြောကြားခဲ့သလို သမ္မတရှီကိုလည်း အိမ်ဖြူတော်ကို လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။