အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့်အကောက်ခွန်ဌာန(ICE)ရဲ့အကြီးအကဲ တော့ဒ်လိုင်းယွန်းစ်က အမေရိကန် တစ်ဝန်း တရားမဝင်နေထိုင်သူတွေကို လိုက်လံဖမ်းဆီးရာမှာ အသုံးချနေတဲ့ သူတို့ရဲ့နည်းဗျူဟာတွေအပေါ် ဝေဖန်မှုတွေကို ကာကွယ်ပြောဆိုခဲ့ကြောင်း အေပီသတင်းမှာ ဖော်ပြပါရှိပါတယ်။

ဒီဌာနက အမိမြေလုံခြုံရေးဌာနရဲ့လက်အောက်မှာရှိပြီး တရားမဝင်နေထိုင်သူတွေကို အစုလိုက် ပြည်နှင်ဒဏ် ပေး မယ်ဆိုတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ကတိကဝတ်တွေကို ဖြည့်ဆည်းတဲ့အနေနဲ့ တစ်နေ့ကို တရားမဝင်နေထိုင်သူ ပျမ်းမျှ ၁၆၀၀ နီးပါး လိုက်လံဖမ်းဆီးနေတာပါ။ဒီလိုဖမ်းဆီးရာမှာ အသုံးပြုတဲ့နည်းဗျူဟာတွေအပေါ် နိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေက အပြင်းအထန် ဝေဖန် နေကြတာ ဖြစ်ပါတယ်။ ဆန်ဒီယေဂိုမြို့က စားသောက်ဆိုင်တစ်ခုကို ဝင်စီးရာမှာ မျက်နှာဖုံးတွေတပ်ပြီး နည်းဗျူ ဟာလက်နက်တွေနဲ့ အလင်းဗုံးတွေ ကိုင်တွယ်သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို လုပ်ရပ်တွေဟာ အများပြည်သူကြား ယုံကြည်မှုကို ပျက်ပြားစေပြီး အကြောက်တရားကို ဖြစ်ပေါ်စေတယ်လို့ ဝေဖန်ခဲ့ကြတာပါ။

ဆန်ဒီယေဂိုကောင်စီလူကြီး ရှောင်အယ်လိုရီဗဲရားကတော့ ICE အရာရှိတွေကို အကြမ်းဖက် သမားတွေလို့ ခေါ်ဆိုလိုက်ပြီး ဒီလုပ်ရပ်က အစိုးရကိုယ်တိုင် ပံ့ပိုးလုပ်ဆောင်တဲ့အကြမ်းဖက်မှုလို့ ပြစ်တင်ပြော ဆိုထားပါတယ်။လူဝင်မှုကြီးကြပ်ရေးဌာနအကြီးအကဲ တော့ဒ်လိုင်းယွန်းစ်ကတော့ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေရှိလို့ ဒီလို လုပ်ဆောင်ရတာဖြစ်တယ်လို့ သူတို့လုပ်ရပ်အပေါ် ကာကွယ်ပြောဆိုခဲ့ပြီး တောင်ကယ်ရိုလိုင်းနားက နိုက်ကလပ် တစ်ခုမှာ လူပေါင်း ၆၆ ယောက် ဖမ်းဆီးမှုမှာလည်း ဒီလူတွေက အန္တရာယ်ကြီးတဲ့ ရာဇဝတ်သားတွေ ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။