ယူကရိန်းသမ္မတ ဇာလန်စကီးဟာ အာဏာရှင်တစ်ယောက်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူရဲ့ Truth Social Media မှာ ပို့စ်တင်ရေးသားပြီး ဝေဖန်တိုက်ခိုက်လာတဲ့အတွက် ခေါင်းဆောင်နှစ်ယောက်ကြား တင်းမာမှု ဟာ မြင့်တက်လာနေပါတယ်။

ဇာလန်စကီးက ယူကရိန်းကို ဘေးဖယ်ထားခဲ့တဲ့ အမေရိကန်-ရုရှား ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတဟာ မော်စကိုက ကြိုးကိုင်နေတဲ့ သတင်းအတုတွေထဲမှာ ရှင်သန်နေတယ်လို့ တုံ့ပြန်ပြောဆိုတာတွေ လုပ်ခဲ့တဲ့နောက် ထရမ့်က သူ့ကို အာဏာရှင်လို့ တိုက်ခိုက်လိုက်တာပါ။ ဇာလန်စကီးဟာ ဂျိုးဘိုင်ဒန်ကို တယောထိုးသလို ကစားတဲ့နေရာတော့ အတော်လေးကို တော်ကြောင်း အဲဒီပို့စ်မှာ ဆက်လက် ဝေဖန်ထားပါတယ်။ အဲဒီလို အာဏာရှင်လို့ ပုတ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဂျာမန်ဝန်ကြီးချုပ် အိုလက်(ဖ်) ရှိုးလ် အပါအဝင် ဥရောပခေါင်းဆောင်တွေက ထရမ့်ကို အလျင်အမြန် တုံ့ပြန်ဝေဖန်လိုက်ကြပါတယ်။

အဲဒီလို ပုတ်ခတ်ပြောဆိုမှုဟာ လုံး၀မှားယွင်းနေပြီး သမ္မတဇာလန်စကီးရဲ့ ဒီမိုကရက်တစ်နည်းကျ တရားဝင်မှုကို ငြင်းပယ်မှုဟာ အန္တရာယ်များကြောင်း ပြောလိုက်ကြပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း ဇာလန်စကီးအပေါ် လူကြိုက်များမှုဟာ နည်းနေပြီး သူ့အနေနဲ့ ရွေးကောက်ပွဲ ကျင်းပသင့်တယ်လို့ ထရမ့်က ပြောခဲ့ပါသေးတယ်။ အင်္ဂါနေ့ညမှာတော့ စစ်ပွဲအတွင်း တိုင်းပြည်ကို ဦးဆောင်နေရတဲ့ ဇာလန်စကီးအပေါ် လူကြိုက်များမှုဟာ (၄) ရာခိုင်နှုန်းပဲရှိတော့ကြောင်း၊ စစ်ပွဲကို ယူကရိန်းက စတင်ခဲ့ကြောင်း ဝေဖန်မှုတွေ ဆက်တိုက်လုပ်လာခဲ့ပါတယ်။