အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဆီးရီးယား ကြားဖြတ်သမ္မတ အာမတ်အယ်လ်ရှာရာနဲ့ ဆော်ဒီအာရေး ဘီးယားမှာ တွေ့ဆုံခဲ့ကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။ ဒီတွေ့ဆုံမှုဟာ ၂၅ နှစ်တာကာလအတွင်း နှစ်နိုင်ငံခေါင်းဆောင်တွေ ပထမဆုံး တွေ့ဆုံမှုဖြစ်ပြီး နှစ်ပေါင်းများစွာ တံခါးပိတ်ဝါဒကျင့်သုံးခဲ့တဲ့ ဆီးရီးယား အတွက် အလှည့်အပြောင်းတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။

အယ်လ်ရှာရာက ၂၀၀၀ ပြည့်နှစ် ဂျနီဗာမှာ ဟာဖစ်အာဆတ်နဲ့ သမ္မတ ဘီလ်ကလင်တန်တို့ တွေ့ဆုံပြီးနောက်ပိုင်း အမေရိကန်သမ္မတနဲ့ ပထမဆုံး တွေ့ဆုံခဲ့တဲ့ ဆီးရီးယား နိုင်ငံ့ခေါင်းဆောင်ဖြစ်ပါတယ်။ ထရမ့်နဲ့ အယ်လ်ရှာရာ တို့က တံခါးပိတ်တွေ့ဆုံမှု ပြုလုပ်ခဲ့ပြီး အဲဒီဆွေးနွေးမှုက မိနစ် ၃၀ ကျော် ကြာမြင့်ခဲ့တယ်လို့ သမ္မတအိမ်တော်က ထုတ်ပြန်ခဲ့သလို ဆွေးနွေးပွဲမှာ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့အစည်းတွေကို ဆီးရီးယားနဲ့ အမေရိကန် ပူးပေါင်း တိုက်ခိုက်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။အယ်လ်ရှာရာဟာ စစ်သွေးကြွအကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်ခဲ့သူဖြစ်ပြီး အမေရိကန်စစ်တပ်ရဲ့ ဖမ်းဆီးတာကို နှစ်အနည်းငယ် ခံခဲ့ရဖူးသူတစ်ယောက် ဖြစ်ပါတယ်။

ဒါကြောင့် အစ္စရေးအနေနဲ့ အာဆတ်အစိုးရကို ဖြုတ်ချခဲ့တဲ့ အစိုးရအသစ်ကို အမြန်ဆုံး အသိအမှတ်ပြုပေးဖို့ သတိထားနေတာ ဖြစ်ပါတယ်။ ဆီးရီးယားကနေ နယ်ခြားဖြတ် ကျော်တိုက်ခိုက်မှုတွေ ပြုလုပ်လာမှာကို အစ္စရေးက စိုးရိမ်နေပြီး ဝန်ကြီးချုပ် နေတန်ယာဟုက ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုတွေကို မဖယ်ရှားဖို့ ပြောကြားခဲ့ပါတယ်။အယ်လ်ရှာရာနဲ့တွေ့ဆုံအပြီးမှာတော့ ထရမ့် က ဆီးရီးယားအပေါ်ထားရှိထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို အဆုံး သတ်မဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ ဒီလိုအရေးယူမှုတွေ ဖယ်ရှားလိုက်တာက ဆီးရီးယားနိုင်ငံအတွက် တည်ငြိမ်ရေး၊ ဖူလုံရေးနဲ့ ပြန်လည်တည်ဆောက်ရေးတွေကို လုပ်ဆောင်နိုင်ဖို့ အရေးပါတဲ့အခွင့်အရေးဖြစ်တယ်လို့ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။