အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ဆီးရီးယားရဲ့ အသွင်ကူးပြောင်းရေး အစိုးရကို ပံ့ပိုးပေးဖို့ တောင်းဆိုခဲ့ပြီး ဆီးရီးယားဟာ ကြီးမားတဲ့ ပြည်တွင်းစစ်ကြီးဖြစ်ဖို့ လက်တစ်ကမ်းသာ လိုတော့တယ်လို့ သတိပေးခဲ့ပါတယ်။ဆီးနိတ်နိုင်ငံတကာ ဆက်ဆံရေးကော်မတီရဲ့ မေ ၂၀ ရက်က ပြုလုပ်တဲ့ ကြားနာပွဲတစ်ခုမှာ ရူဘီအိုက အခုလို ပြောခဲ့တာဖြစ်ပြီး ဆီးရီးယားနိုင်ငံ ပြိုလဲနိုင်ခြေနဲ့ ကြီးမားတဲ့ ပြည်တွင်းစစ်ကြီးဖြစ်ဖို့က ရက်သတ္တပတ် အနည်းငယ်သာ လိုတော့တာမျိုး ဖြစ်နိုင်တယ်လို့ ပြောခဲ့တာပါ။

ရူဘီအိုက ဆီးရီးယားအပေါ် ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးလိုက်တဲ့ သမ္မတထရမ့်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ထောက်ခံခဲ့ပြီး ဆီးရီးယားရဲ့ လက်ရှိသမ္မတ အယ်လ်ရှားယားရဲ့ အုပ်ချုပ်ရေးအဖွဲ့ကို နိုင်ငံတကာက အကူအညီ ပေးချင်ပေမယ့် ပိတ်ဆို့မှုတွေကြောင့် အကူအညီ မပေးနိုင်တာလို့ ပြောပါတယ်။ လက်ရှိမှာတော့ ဆီးရီးယား အပေါ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်တာကြောင့် ဒေသတွင်းနိုင်ငံတွေအနေနဲ့ ဆီးရီးယားကို အသွင်ကူးပြောင်းနိုင် ရေး စပြီး ကူညီနိုင်ပြီလို့ ဆိုပါတယ်။ လက်ရှိမှာ အမေရိကန်လိုပဲ ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးတွေကလည်း ဆီးရီးယားအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းဖို့ သဘောတူခဲ့ကြပါတယ်။

အီးယူဟာ ပြီးခဲ့တဲ့ ၁၄ နှစ်အတွင်းက ဆီးရီးယားနိုင်ငံသားတွေဘက်က အမြဲရပ်တည်ခဲ့ပြီး လက်ရှိမှာလည်း ငြိမ်းချမ်းတဲ့ ဆီးရီးယားနိုင်ငံသစ်ကို ပြန်လည်တည်ဆောက်ဖို့ ကူညီမယ်လို့ အီးယူရဲ့ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲက X ပလက်ဖောင်းမှာ ရေးသားထားပါတယ်။ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ လက်ရှိ ဆီးရီးယား ယာယီ သမ္မတ အယ်ရှားယားရဲ့ HTS အဖွဲ့ဟာ သမ္မတဟောင်း အာဆက်ကို ဖြုတ်ချခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေ အများအပြားရှိတဲ့ ဆီးရီးယားမှာ မတည်မငြိမ် အခြေအနေ ဆက်ရှိနေတာပါ။ပြီးခဲ့တဲ့မတ်လမှာ အာဆက်ကို သစ္စာခံတဲ့ အာလာဝိုက်အဖွဲ့တွေနဲ့ အစိုးရတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ သလို အခုမေလအစပိုင်းမှာလည်း အစိုးရ လိုလားတဲ့ ဆွန်နီအစ္စလာမ္မစ်အုပ်စုတွေနဲ့ ဒရူးဇ် တိုက်ခိုက်ရေး သမားတွေကြား တိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။