အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆီးရီးယားနိုင်ငံအပေါ် ကာလရှည်ကြာ ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းပေး သွားတော့မှာဖြစ်ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ဆီးရီးယားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ အဆုံးသတ်တာက ဆယ်စုနှစ်တစ်ခုကျော်ကြာ ပြည်တွင်းစစ်ကြောင့် ပျက်စီးခဲ့ရတဲ့ နိုင်ငံအတွက် ကြီးမားတဲ့ တွန်းအားပေးမှုတစ်ခု ဖြစ်လာမယ်လို့လည်း လေ့လာသူတွေက ခန့်မှန်းသုံးသပ်ထားကြပါတယ်။ အမေရိကန်က ဆီးရီးယားကို ၂၀၀၄ ခုနှစ်ကတည်းက ပိတ်ဆို့အရေးယူတာ ပြုလုပ်ခဲ့တာဖြစ်ပြီး ၂၀၁၁ ခုနှစ် ပြည်တွင်းစစ် ဖြစ်ပွားပြီးနောက် ပိတ်ဆို့မှုတွေ ထပ်မံချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်က ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားဖို့ တောင်းဆိုမှုအပေါ် ထရမ့်က အခုလို ကြေညာချက်တွေ ထုတ်ပြန်ခဲ့တာပါ။ ဒါ့အပြင် အမေရိကန်နိုင်ငံမှာ ဆော်ဒီအာရေဗျအနေနဲ့ အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀၀ ရင်းနှီးမြှုပ်နှံခွင့် ပေးမှာဖြစ်ကြောင်း ကတိကဝတ်ပြု ပြောကြားလာပြီး အံ့အားသင့်ဖွယ် ဒီကြေညာချက်တွေနဲ့ ထရမ့်ရဲ့ ပင်လယ်ကွေ့ခရီးစဉ်ကို စတင်ထားတာ ဖြစ်ပါတယ်။