ကုန်သွယ်ဖက် နိုင်ငံတွေဆီက မကျေမနပ် ဝေဖန်မှုတွေ အပြင်းအထန် ထွက်ပေါ်နေပေမယ့် ဒေါ်နယ်ထရမ့်ဟာ အသစ် သတ်မှတ်လိုက်တဲ့ သွင်းကုန် စည်းမျဉ်းတွေကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ သူ့ရဲ့ အစိုးရအရာရှိတွေက ပြောကြားလာတာကို abc သတင်းမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ အမေရိကန်သမ္မတ ထရမ့်ဟာ နိုင်ငံပေါင်း ၁၀၀ လောက်ရဲ့ သွင်းကုန်တွေအပေါ် မတူညီတဲ့ ပမာဏတွေနဲ့ အခွန်တိုးမြှင့်မှုကို ကြေညာခဲ့ပါတယ်။

အထူးသဖြင့် အာရှနဲ့ အာဖရိက နိုင်ငံတော်တော်များများဟာ မြင့်မားတဲ့ အခွန်စည်းကြပ်မှု ပမာဏတွေကို ရင်ဆိုင် ခဲ့ရပါတယ်။ အမေရိကန် အစိုးရရဲ့ အခွန်မူဝါဒ အသစ်တွေ ကြေညာပြီးနောက်ပိုင်း နိုင်ငံတကာ ရှယ်ယာစျေးကွက် တွေမှာလည်း ဆိုးဆိုးရွားရွား ကျဆင်းတာတွေ ကြုံလာရပါတယ်။ နိုင်ငံ အများအပြားကလည်း အမေရိကန်ရဲ့ အခွန်မြှင့်တင်မှု အသစ်တွေနဲ့ ပတ်သက်လို့ တုံ့ပြန်မဲ့ အစီအမံတွေကို စဉ်းစားနေတဲ့အကြောင်း ထုတ်ပြောထား ပါတယ်။ထရမ့်ရဲ့ အခွန်သတ်မှတ်ချက် အသစ်တွေဟာ နိုင်ငံတွေအကြား တင်းမာမှုနဲ့ ကုန်သွယ်ရေး စစ်ပွဲအသွင် အားပြိုင် မှုတွေကို မြင့်တက်လာစေနိုင်တယ်လို့ ဝေဖန်မှုတွေ ရှိနေပေမယ့်လည်း စီးပွားရေးဝန်ကြီး ဟောင်းဝပ် လုထ်နစ်ခ် ကတော့ အမေရိကန်ဟာ စီစဉ်ပြီးသား အခွန်စည်းကြပ်မှုတွေကို ရှေ့ဆက် အကောင်အထည် ဖော်သွားမှာ ဖြစ် တယ်လို့ ပြောပါတယ်။ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်ကလည်း အခုလို အပြောင်းအလဲတွေကြောင့် အမေရိကန် စီးပွားရေး ဆုတ်ယုတ် နှေးကွေးသွားနိုင်တယ်ဆိုတဲ့ ထောက်ပြချက်တွေကို အရေးတကြီး ထည့်စဉ်းစားဖို့ မလိုဘူးလို့ ဆိုပါ တယ်။

ဒါဟာ ပြန်လည် ပြင်ဆင်ပြောင်းလဲနေဆဲ အဆင့်တစ်ခုကို ဖြတ်သန်းနေတာလို့လည်း ဘက်ဆန့်က မှတ်ချက်ပေးခဲ့ပါတယ်။ထရမ့်ရဲ့ ထိပ်တန်း အကြံပေး တစ်ဦးဖြစ်သူ ကီဗင် ဟက်ဆက်ကတော့ နိုင်ငံပေါင်း ၅၀ ကျော်ဟာ ထရမ့်ကို ဆက်သွယ်ပြီး ညှိနှိုင်းဖို့အတွက် ကြိုးစားခဲ့ကြတယ်လို့ ထုတ်ပြောလာပါတယ်။ ထရမ့်အစိုးရရဲ့ ကုန်သွယ်ရေး စည်းကြပ်မှု ဝါဒ အပြောင်းအလဲကြောင့် အမေရိကန်ရဲ့ အဓိက ရှယ်ယာစျေးကွက် ညွှန်ကိန်းသုံးခုစလုံးမှာလည်း ကျဆင်းမှုတွေ ရှိခဲ့ပါတယ်။ အမေရိကန်ရဲ့ ထိပ်တန်း ဘဏ်လုပ်ငန်းကြီး JP Morgan ကတော့ ထရမ့်ရဲ့ အခွန်စည်းမျဉ်း အသစ်တွေကို ကြေညာပြီးတဲ့နောက် အမေရိကန်ရော၊ နိုင်ငံတကာမှာပါ စီးပွားရေး ကျဆင်းမှုတွေ ကြုံလာဖို့ ၆၀ ရာခိုင်နှုန်း လောက် အလားအလာ ရှိလာတယ်လို့ ခန့်မှန်းထားပါတယ်။ ထရမ့်ရဲ့ အခွန်စည်းကြပ်မှု အသစ်မှာ အမေရိကန်အပေါ် ကုန်သွယ်ရေးအရ အမြတ်ထုတ်မှုတွေ အဆိုးဆုံး ကျူးလွန်တယ်လို့ စွပ်စွဲထားတဲ့ နိုင်ငံပေါင်း ၆၀ လောက်ကို သွင်းကုန် အခွန် စည်းကြပ်မှု ရာခိုင်နှုန်းတွေ မြင့်မြင့်မားမား တိုးမြှင့်ထားတာ တွေ့ရပါတယ်။ အဲဒီ ကိန်းဂဏန်းအသစ် သတ်မှတ်ထားတဲ့ အခွန်ပမာဏ ကောက်ယူမှုတွေကို ဧပြီလ ၉ ရက်နေ့မှာ စတင် အသက်ဝင်စေဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။