ဂါဇာအတွက် လူသားချင်းစာနာမှုအထောက်အပံ့တွေကို အစ္စရေးက ဆက်လက်ပိတ်ဆို့ထားတာကြောင့် ဂိုဒေါင် တွေထဲမှာ ရိက္ခာပစ္စည်းတွေ ပြတ်လပ်ပြီး ထပ်မံဖြည့်တင်းမှုလည်း မလုပ်နိုင်တော့လို့ အဓိကကူညီနေတဲ့ အဖွဲ့ကြီး အနေနဲ့ အစားအသောက်ပေးဝေနေမှုကို ရပ်ဆိုင်းပစ်ရတော့မယ့်အကြောင်း အေပီသတင်းမှာ ရေးသားဖော်ပြထား ပါတယ်။

အမေရိကန် အခြေစိုက် ကမ္ဘာ့ဗဟိုစားဖိုဆောင်လို့အမည်ရတဲ့ ကူညီရေးအဖွဲ့ဟာ ဂါဇာမှာ တစ်နေ့ကို ထမင်းအနပ် ပေါင်း ၁၃၃ ၀၀၀ ချက်ပြုတ်ကျွေးမွေးနေပြီး အခု ချက်ပြုတ်စရာ ဘာရိက္ခာမှ မကျန်တော့ဘူးလို့ ဆိုပါတယ်။ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ကလည်း အစ္စရေးရဲ့ပိတ်ဆို့မှုကြောင့် ဂါဇာထဲက သူ့ရဲ့စားသောက်ကုန်စည်တွေ ပြတ်လပ်သွားပြီဖြစ်တယ်လို့ ဧပြီလက ပြောဆိုထားပြီး ဒေသတွင်းက ပါလက်စတိုင်းထောင်ပေါင်းများစွာအတွက် အဓိကရိက္ခာထောက်ပံ့မှု အဆုံးသတ်သွားပြီလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့အထောက်အပံ့နဲ့လုပ်ဆောင်နေတဲ့ ဒေသတွင်းအစားအသောက် ကျွေးမွေးရေးအဖွဲ့တွေထဲက သုံးပုံတစ်ပုံဟာ လွန်ခဲ့တဲ့ ၁၀ ရက်အတွင်းက ရိက္ခာ ဒါမှမဟုတ် လောင်စာဆီပြတ်လပ်မှုကြောင့် ပိတ်သိမ်း သွားခဲ့ရပြီ ဖြစ်ပါတယ်။ နောက်ထပ် ပိတ်ရဖို့လည်း ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီ ပေးရေးအဖွဲ့(UNOCHA)က ပြောဆိုထားတယ်လို့ သိရပါတယ်။