အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုဖြစ်စဉ်ဟာ ဒီတိုက်ခိုက်မှုကို ပြုလုပ်ဖို့ တစ်နှစ်လောက် စီစဉ်ထားတာ ဖြစ်တယ်လို့ FBI က ပြောပါတယ်။

ကော်လိုရာဒိုပြည်နယ် ဘိုလ်ဒါမြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်က အစ္စရေးလိုလားတဲ့ ဆန္ဒထုတ်ဖော်သူတွေဟာ ဂါဇာမှာ ဖမ်းဆီးခံထားရဆဲဖြစ်တဲ့ ဓားစာခံတွေအတွက် ဆန္ဒထုတ်ဖော်ခဲ့ချိန် အသက်၄၅နှစ်အရွယ် သံသယတရားခံက လူအုပ်ထဲကို လက်လုပ်မီးလောင်ဗုံးတွေ ပစ်ထည့်ခဲ့တာပါ။သံသယတရားခံ အသက် ၄၅ နှစ်အရွယ်ရှိတဲ့ မိုဟာမက်ဆာဘရီဆိုလီမန်ကို ဖောက်ခွဲရေးပစ္စည်းတွေ အသုံးပြုမှုအပါအဝင် ရာဇဝတ်မှု အများအပြားနဲ့ စွဲချက်တင်ထားတာဖြစ်ပြီး ဆိုလီမန်ကို ဇွန်လ ၂ ရက်က တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

FBI ရဲ့ ထုတ်ပြန်ချက်အရ ဆိုလီမန်ကို ဖမ်းဆီးပြီးနောက် စစ်ဆေးမေးမြန်းရာမှာ ဆိုလီမန်က သူဟာ ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ဖို့အတွက် တစ်နှစ်လောက်စီစဉ်ထားတယ်လို့ ရဲတပ်ဖွဲ့ကို ဖြေကြားခဲ့ကြောင်း သိရပါတယ်။တရားရုံးမှတ်တမ်းတွေအရ ဇီယွန်ဝါဒီအကုန်လုံးကို ရှင်းချင်တယ်လို့ ဆိုလီမန်က ပြောထားသလို တိုက်ခိုက်မှုတွေ ထပ်လုပ်ဆောင်မယ်လို့လည်း ပြောပါတယ်။ဒီမီးလောင်ဗုံးတွေကြောင့် ဆန္ဒထုတ်ဖော်သူ ၈ ဦးကနေ ၁၂ ဦးဝန်းကျင် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သူအချို့လည်း ရှိပါတယ်။အာဏာပိုင်တွေကတော့ ဒီတိုက်ခိုက်မှုဟာ ဆိုလီမန်တစ်ယောက်တည်း ပြုလုပ်ခဲ့တာလို့ ကောက်ချက်ချထားပါတယ်။