အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ Air Force One လေယာဉ်အဖြစ်သုံးဖို့ ကာတာပေးတဲ့ လက်ဆောင်ကို လက်ခံတဲ့ကိစ္စနဲ့ပတ်သက်လို့ အငြင်းပွားစရာြဖစ်နေတဲ့အပေါ် ဒီလက်ဆောင်ကို ငြင်းတာ အသုံးမကျရာ ရောက်တဲ့အကြောင်း မေလ ၁၂ ရက်က ပြောကြားခဲ့တာကို CNA သတင်းမှာ ဖော်ပြပါရှိပါတယ်။

ကာတာတော်ဝင်မိသားစုကလှူဒါန်းမယ့် ဒေါ်လာသန်း ၄၀၀ တန် 747-8 လေယာဉ်ကို အမေရိကန်သမ္မတ စီးနင်းတဲ့လေယာဉ်အဖြစ် အသုံးပြုမယ့်အပေါ် ကျင့်ဝတ်အရနဲ့ လုံခြုံရေးအရ မေးခွန်းတွေထုတ်စရာြဖစ်နေတာကို သမ္မတဒေါ်နယ်ထရမ့်က ခပ်ပေါ့ပေါ့ပဲ ပြန်လည်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။အိမ်ဖြူတော်မှာ သတင်းထောက်တွေက ရေနံကြွယ်ဝတဲ့ ပင်လယ်ကွေ့နိုင်ငံက အပြန်အလှန်အနေနဲ့ တောင်းဆိုမှု လုပ်လာရင်ကောလို့ မေးတဲ့အခါမှာလည်း “ ဒါဟာကောင်းမွန်တဲ့အပြုအမှုပဲ၊ ဒီလိုကမ်းလှမ်းတာကို လုံးဝ ငြင်းမှာ မဟုတ်သလို အလွန်တန်ဖိုးကြီးတဲ့လေယာဉ်ကို အလကားမလိုချင်ပါဘူး ဆိုလိုက်ရင် အသုံးမကျတဲ့လူ ဖြစ်သွား မှာပေါ့ “ လို့ ထရမ့်က ပြန်လည်ပြောဆိုလိုက်တာပါ။

လက်ရှိ Air Force One လေယာဉ်အဟောင်းကို အသစ်နှစ်စင်းနဲ့အစားထိုးဖို့ နှောင့်နှေးမှုတွေနဲ့ အသုံးစရိတ် များလွန်းတာတွေကြောင့် သမ္မတထရမ့်က မကျေမချမ်း ဖြစ်နေချိန်မှာ ကာတာနိုင်ငံရဲ့ကမ်းလှမ်းမှုကို ရလာခဲ့ တာဖြစ်ပြီး နောက်ပိုင်းမှာ သူ့ရဲ့သမ္မတမော်ကွန်းတိုက်မှာ ပြသဖို့လှူဒါန်းသွားမှာဖြစ်တဲ့အကြောင်းလည်း သမ္မတထရမ့်က ထည့်သွင်းပြောဆိုသွားပါတယ်။