အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ဟာ စစ်ရေး လျှို့ဝှက်ချက်တွေ ဒုတိယအကြိမ်မြောက် group chat ထဲ မျှဝေခဲ့တယ်ဆိုပြီး စွပ်စွဲခံနေရပါတယ်။

ဒီလို စစ်ရေး လျှို့ဝှက်ချက်တွေကို ဒုတိယအကြိမ်မြောက် Signal group chat ထဲ မျှဝေခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေ ခံနေရတဲ့ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကာကွယ် ပြောကြားခဲ့တာကို NBC သတင်းမှာ ဖော်ပြထားပါတယ်။ယီမင်မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန် လေကြောင်းတိုက်ခိုက်မှုတွေ မတိုင်ခင် အချက်အလက်တွေကို အမေရိကန် အစိုးရ ထိပ်တန်းအရာရှိတွေက group chat တစ်ခုထဲမှာ ဆွေးနွေးခဲ့ကြတဲ့ကိစ္စ ပေါက်ကြားခဲ့ပြီး အကြီးအကျယ် ဝေဖန်ခံခဲ့ရတဲ့ကိစ္စ ဖြစ်ပေါ်ခဲ့ပြီးနောက် အခုတစ်ခါ ဟက်ဂ်ဆက်သ်ရဲ့ပြဿနာ ထပ်တက်နေတာ ဖြစ်ပါတယ်။

အစောပိုင်း ဖြစ်စဉ်မှာတုန်းက အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး အရာရှိ မိုက်ခ်ဝေါ့ဇ်က Atlantic မဂ္ဂဇင်း အယ်ဒီတာချုပ်ကို စစ်ဆင်ရေးကိစ္စ ဆွေးနွေးကြတဲ့ Signal group chat ထဲ မှားယွင်း ထည့်သွင်းမိခဲ့တာပါ။ အယ်ဒီတာချုပ် ဂျက်ဖရီ ဂိုးလ်ဘာ့ဂ်က ယီမင်အခြေစိုက် ဟူသီ လက်နက်ကိုင် အဖွဲ့တွေကို အမေရိကန်က တိုက်ခိုက်မယ့် စစ်ဆင်ရေးကို Signal မှာ ဆွေးနွေးခဲ့ကြပြီး သူ့ကိုပါ မှားယွင်း ထည့်သွင်းခဲ့တဲ့ အကြောင်းကို စစ်ဆင်ရေးတွေ အစပြုပြီး ရက်အတော်ကြာမှာ ထုတ်ပြန် ပြောကြားခဲ့တာဖြစ်ပါတယ်။