အမေရိကန်မှာ လက်ရှိဖြစ်ပွားနေတဲ့ စည်းကြပ်ခွန်တိုးမြှင့်မှုတွေကြောင့် စီးပွားပျက်ကိန်း ကြုံရနိုင်ချေရှိပြီး အမေရိကန်ရှိ အလုပ်သမား ၂ သန်းနီးပါး အလုပ်လက်မဲ့ဖြစ်လာနိုင်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဟောင်း ဟားဗတ်တက္ကသိုလ်ပါမောက္ခဖြစ်သူ လောရန့်စ်ဆမ်းမားက Bloomberg တီဗီအစီအစဉ် အင်တာဗျူး တစ်ခုမှာ ပြောကြားခဲ့တယ်လို့ ရှင်ဟွာသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုရှိ မိသားစုတစ်ခုမှာ ဒေါ်လာ ၅၀၀၀ ထက်မကတဲ့ ဝင်ငွေလျော့နည်းမှု ဖြစ်လာနိုင် ပါတယ်။ လက်ရှိ ထရမ့်အစိုးရရဲ့စည်းကြပ်ခွန်တိုးမြှင့်မှုအစီအစဉ်တွေက စီးပွားပျက် ကပ်ဆိုးကြီးဖြစ်စေခဲ့တဲ့ ၁၉၃၀ ပြည့်နှစ်ကာလတုန်းကထက် ပိုမိုဆိုးရွားလာတာကြောင့် ဒီလိုထုတ်ပြန်ထားတဲ့မူဝါဒတွေကို ရုပ်သိမ်းရင် ပိုကောင်းလိမ့်မယ်လို့လည်း လောရန့်စ်ဆမ်းမားက ပြောကြားခဲ့ပါတယ်။သမ္မတဒေါ်နယ်ထရမ့်က တန်ပြန်စည်းကြပ်ခွန်ကောက်ခံမှုအမိန့်ကို ဧပြီလ ၂ ရက်နေ့မှာ လက်မှတ် ရေးထိုးခဲ့ တာဖြစ်ပါတယ်။ ဒီလိုစည်းကြပ်ခွန်တိုးမြှင့်တာက အစိုးရရဲ့ အခွန်ဘဏ္ဍာကို တိုးစေပြီး ကုန်သွယ်ရေး လိုငွေ ပြတာကို လျော့နည်းစေကာ အမေရိကန်နိုင်ငံရဲ့ ထုတ်လုပ်နိုင်စွမ်းကို ပြည်လည်အသက်ဝင်လာစေမယ်လို့ ထရမ့်က အခိုင်အမာ ပြောဆိုထားပါတယ်။

တစ်ဖက်မှာလည်း စီးပွားရေးပညာရှင်တွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေက ဒီလိုစည်းကြပ်ခွန်ကောက်ခံမှုတွေက ကုန်ဈေးနှုန်းကြီးမားမှု၊ အမေရိကန်စားသုံးသူတွေကို ထိခိုက်စေမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုကို ထိခိုက်နစ်နာစေမယ်လို့ သတိပေးထားကြပါတယ်။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နိုင်ငံရဲ့မဟာမိတ် ကုန်သွယ်ဖက်နိုင်ငံတွေကလည်း အခွန်တိုးမြှင့်ကောက်ခံမယ့် တန်ပြန်အစီအစဉ်တွေ အသီးသီး ထုတ်ပြန် ကြေညာထားပြီး ဖြစ်ပါတယ်။