အမေရိကန်ဘဏ္ဍာရေးဝန်ကြီး၊ကုန်သွယ်ရေးညှိနှိုင်းရေးမှူးနဲ့ တရုတ်ထိပ်တန်းစီးပွားရေးအရာရှိတွေဟာ အခု သီတင်းပတ်ကုန်အတွင်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်း အမေရိကန်နဲ့ တရုတ်တာဝန်ရှိသူတွေက ပြောကြားခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါးတယ်။

အဲဒီဆွေးနွေးပွဲဟာ ထရမ့်ချမှတ်လိုက်တဲ့အခွန်ကြောင့် ကမ္ဘာ့စီးပွားရေးကို အနှောင့်အယှက်ဖြစ်စေတဲ့ ကုန်သွယ် ရေးစစ်ပွဲကို ဖြေရှင်းဖို့ ပထမခြေလှမ်းဖြစ်နိုင်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ချမှတ်လိုက်တဲ့ ဆူနာမီလှိုင်းသဖွယ် အခွန်စည်းကြပ်မှုရဲ့ မသေချာမရေရာမှု တွေကြောင့် Wall Street စတော့ရှယ်ယာအညွှန်းတွေ အရှုံးပေါ်နေသလို အမေရိကန် စတော့ရှယ်ယာအညွှန်း ကိန်း အနာဂတ်ကိုလည်း သိသိသာသာ ရိုက်ခတ်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေးအင်အား အကြီးဆုံး နိုင်ငံနှစ်ခုကြား ကုန်သွယ်ခွန်ကောက်ခံမှုက ၁၀၀ ရာခိုင်နှုန်းကျော်လွန်သွား ကာ လပေါင်းများစွာ တင်းမာမှုတွေ မြင့်တက်လာပြီးနောက် ဒီတွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာတာပါ။ ဒီတွေ့ဆုံ မှုမှာ ပိုမိုကျယ်ပြန့်တဲ့ စည်းကြပ်ခွန်တွေ လျှော့ချရေး ဆွေးနွေးဖို့ နှစ်ဖက်စလုံးက မျှော်လင့်ထားတယ်လို့ အဲဒီ ဆွေးနွေးပွဲနဲ့ နီးစပ်သူနှစ်ယောက်က Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။