အမေရိကန်နိုင်ငံသား ဖြစ်ခွင့်လမ်းကြောင်းရှိတဲ့ ဒေါ်လာ ငါးသန်းတန် Gold Card တွေ ရောင်းချဖို့ စီစဉ်နေတယ် လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ကို အဓိကဆွဲဆောင်တဲ့ ဗီဇာအစီအစဉ်ဖြစ်ပြီး ရွှေ့ပြောင်းနေထိုင် ရင်းနှီးမြှုပ်နှံသူတွေအတွက် ထုတ်ပေးတဲ့ EB-5 ဗီဇာအစီအစဉ်နေရာမှာ အစားထိုးသွားမှာလည်း ဖြစ်ပါတယ်။

EB-5 ဗီဇာအစီအစဉ်ဟာ အမေရိကန်မှာ ရင်းနှီးမြှုပ်နှံဖို့ ကတိပြုထားတဲ့ နိုင်ငံခြားသားတွေကို Green Card ထုတ် ပေးတာဖြစ်ပါတယ်။ Gold Card ကို ဒေါ်လာငါးသန်းနဲ့ ရောင်းချသွားမှာဖြစ်ပြီး Green Card အခွင့်အရေးတွေ အပြင် အမေရိကန်နိုင်ငံသားဖြစ်ခွင့် လမ်းကြောင်းလည်း ဖြစ်တယ်လို့ ထရမ့်က ပြောပါတယ်။ချမ်းသာတဲ့သူတွေအနေနဲ့ ဒီကတ်ကိုဝယ်ပြီး အမေရိကန်ကို လာနိုင်တယ်လို့ ဆိုပါတယ်။ ရုရှားစီးပွားရေးသမား အိုလီဂါ့တွေတောင် ဒီကတ်ကို ဝယ်နိုင်တယ်လို့ ထရမ့်က ပြောပါတယ်။

EB-5 ဗီဇာအစီအစဉ်ဟာ ၁၉၉၀ ပြည့်နှစ် မှာ ကွန်ဂရက်က ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။အဲဒီ Gold Card တွေကို ရောင်းချမယ့် အသေးစိတ်အစီအစဉ်တွေနဲ့ပတ်သက်ပြီး လာမယ်နှစ်ပတ်အတွင်း ထုတ်ပြန်သွားမယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ EB-5 အစီအစဉ်ဟာ လိမ်လည်မှုတွေရှိနေပြီး စျေးသက်သာတဲ့ Green Card ရတဲ့နည်းလမ်းတခုဖြစ်နေပြီး ဒါကို သမ္မတထရမ့်က အဆုံးသတ်ကာ Gold Card အစီအစဉ်နဲ့ အစားထိုးသွားမှာဖြစ်တယ်လို့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Howard Lutnick က သတင်းထောက်တွေကို ပြောပါတယ်။