ဇွန်လမှာ ကျရောက်မဲ့ သမ္မတဒေါ်နယ်ထရမ့်ရဲ့ မွေးနေ့ပွဲမှာ ပြုလုပ်ဖို့ အလားအလာရှိတဲ့ အမေရိကန် တပ်မတော် နှစ်(၂၅၀)ပြည့် အခမ်းအနားမှာ စစ်သည် ၆၆၀၀ ကျော်၊ ကားအစီးရေ ၁၅၀ ၊ ရဟတ်ယာဉ် ၅၀ ၊ တီးဝိုင်း ၇ ခုနဲ့ အရပ်သား ထောင်ချီပါဝင်မယ်လို့ AP သတင်းဌာနမှာ ဖော်ပြပါရှိပါတယ်။

National Mall မှာ ကျင်းပမဲ့ ကာလကြာ စီစဉ်ထားတဲ့ နှစ်(၂၅၀)ပြည့်ပွဲတော်အတွက် အသေးစိတ်အစီအစဉ်နဲ့အတူ စစ်ရေးပြအခမ်းအနား အစီအစဉ်တွေ လည်း ပါဝင်တယ်လို့ သိရပါတယ်။ တပ်မတော်နှစ်ပတ်လည်နေ့ဟာ ဇွန်လ ၁၄ ရက်မှာ ကျရောက်မဲ့ ထရမ့်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့နဲ့ တိုက်ဆိုင်နေတာဖြစ်ပါတယ်။အစီအစဉ်တွေထဲမှာ ကုန်ကျစရိတ်ခန့်မှန်းချက်တွေ မပါဝင်ပေမဲ့ စစ်ရေးပြအခမ်းအနားအတွက် ဒေါ်လာသန်း ပေါင်းများစွာ ကုန်ကျနိုင်ခြေ ရှိပါတယ်။ ကုန်ကျစရိတ်တွေထဲမှာ နိုင်ငံတစ်ဝန်းက စစ်ယာဉ်တွေ၊ ပစ္စည်းကိရိယာ တွေ၊လေယာဉ်တွေနဲ့ တပ်ဖွဲ့တွေရဲ့ ဝါရှင်တန်အထိ သွားလာမှုနဲ့ ဝန်ထမ်းပေါင်းများစွာကို ကျွေးမွေးဧည့်ခံစရိတ် တွေ ပါဝင်မှာ ဖြစ်ပါတယ်။

ကုန်ကျစရိတ်ကြီးမားမှုကြောင့် ထရမ့်ရဲ့ပထမသက်တမ်းတုန်းက စစ်ရေးပြပွဲအတွက် တွန်းအားပေးမှုကို ရပ်တန့် စေခဲ့ပြီး နောက်ဆုံးအစီအစဉ်မှာပါဝင်တဲ့ တင့်ကားတွေနဲ့ အခြားအကြီးစားယာဉ်တွေကြောင့် လမ်းတွေ ထိခိုက် ပျက်စီးမှာကို မြို့တာဝန်ရှိသူတွေက စိုးရိမ်ပူပန်နေကြပါတယ်။တရားဝင်ခွင့်ပြုချက်မရသေးပေမယ့် အဲဒီအစီအစဉ်နဲ့ပတ်သက်ပြီးအပြောင်းအလဲတွေကို မကြာခင်ရက်သတ္တပတ် တွေအတွင်း ပြုလုပ်နိုင်ချေရှိပါတယ်။ အစီအစဉ်အရ စစ်ရေးပြပွဲကို အမျိုးသားလုံခြုံရေးအထူးပွဲအဖြစ် သတ်မှတ် မှာဖြစ်ပြီး တောင်းဆိုမှုတွေကိုတော့ National Park Service က ဦးစီးကာ ပြန်လည်သုံးသပ်နေပါတယ်။